အစွန်းရောက်သမားတွေက ကမ္ဘာကြီးကိုခြိမ်းခြောက်

  • 4 စက်တင်ဘာ 2010
Tony Blair
Image caption အစွန်းရောက်သမားတွေက ဓါတု၊ ဇီဝနဲ့ နျူကလီးယား လက်နက်တွေပါသုံးလိမ့်မယ်

အစ္စလာမ်အစွန်းရောက်သမားတွေဟာ ကမ္ဘာကြီးကို အကြီးမားဆုံး ခြိမ်းခြောက်မှု တွေ လုပ်နေတယ်လို့ အာဖဂန်နဲ့ အီရတ် စစ်ပွဲတွေထဲ ဗြိတိန်ကို ပါဝင်စေခဲ့တဲ့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောဆိုလိုက်ပါတယ်။

ဘီဘီစီကမ္ဘာတလွှား အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာဘလဲက ချက်ချင်နီယာ၊ ကက်ရှ်မီးယား၊ ပါလက်စတိုင်းဒေသ၊ အီရတ်နဲ့ အာဖဂန် ဘယ်နေရာမှာ မဆို အစွန်းရောက် အစ္စလာမ်မစ်တွေဟာ သူတို့ရဲ့အစ္စလာမ်အရေးအတွက် ဘာဘဲလုပ်လုပ် တရားတယ်လို့ ယုံကြည်နေကြကြောင်း ပြောပါတယ်။

အစွန်းရောက်လှုပ်ရှားမှုတွေနဲ့ သူတို့ဟာ တတ်နိုင်ရင် ဓါတု၊ ဇီဝနဲ့ နျူကလီးယားလက်နက် တွေကိုတောင် အသုံးပြုလိမ့်မယ်ဆိုတဲ့အချက်ဟာ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တယ်လို့ သူအခုထက်ထိ ခံစားနေရတုန်းဖြစ်ကြောင်း မစ္စတာဘလဲက ပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့လည်း နျူကလီးယားလက်နက်ထုတ်လုပ်လို့ မရနိုင်ဘူးဆိုတာကို အီရန် ခေါင်းဆောင်တွေက နားလည်ဖို့ လို့ကြောင်း၊ အဲဒီလိုမဟုတ်ဘဲ ထုတ်ခဲ့မယ်ဆိုရင် ဒါကို တားဆီးပစ်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

သူအာဏာရှိစဉ်အချိန်တုန်းက သူ့ရဲ့မူဝါဒတွေဟာ အစ္စလာမ်အစွန်းရောက်သမားတွေကို တွန်းအားပေးသလိုမျိုးဖြစ်ခဲ့တဲ့ ဆိုတာကို မစ္စတာဘလဲက ငြင်းဆိုသွားပါတယ်။