အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးဖို့နီးပြီ

  • 5 စက်တင်ဘာ 2010
karzai
Image caption သမ္မတ ဟာမစ်ကာဇိုင်း

အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း က တာလီဘန် နဲ့ တွေ့ဆုံ ဆွေးနွေး နိုင်ဖို့ အမျိုးသား ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်း လိုက်ပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ခြေလှမ်း တရပ်ပဲ ဖြစ်တယ်လို့ သမ္မတ ရုံးက ပြောပါတယ်။

သမ္မတရုံးက အကြီးအကဲ ဖြစ်တဲ့ မိုဟာမက် အိုမာ ဒေါက်ဇိုင်းက တာလီဘန် ခေါင်းဆောင် တချို့ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အရှိန် အတော် ရနေပြီ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီအထဲမှာ ဂျီဟတ်ဒီခေါင်းဆောင်တွေ ၊ ဘာသာရေး ဆရာတွေ ၊ နောက်ပြီး တာလီဘန် ဟောင်းတွေနဲ့ လူထုကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးလဲ ပါဝင်မှာ ဖြစ်တဲ့ အကြောင်းနဲ့ အာဖဂန်ပြည်သူတွေ အားလုံးကို ကိုယ်စားပြုနိုင်အောင် အတွက် သေသေချာချာ စီစစ် ရွေးချယ်နေရတဲ့ အတွက် အခုလို အချိန်ကြာနေခဲ့တာ ဖြစ်တယ်လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးသူက တာလီဘန်ဘက်က ဒီလိုဆွေးနွေးဖို့ အတွက် အာသီသ ရှိတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ လဲ ဆိုပါတယ်။

ဒီ ငြိမ်းချမ်းရေး ကောင်စီ ထဲမှာ ဂျီဟတ်ဒီ ခေါင်းဆောင်တွေ အပြင် အရေးပါတဲ့ သူတွေနဲ့ အမျိုးသမီးတွေ လဲ ပါတယ်လို့ ဆိုပါတယ်။

ဒီ ကောင်စီ ထဲမှာ ပါမဲ့ လူတွေရဲ့ အမည် စာရင်းကို တော့ ဒီလကုန် ပိုင်းလောက်မှာ ကြေငြာ သွားမှာ ဖြစ်ပါတယ်။