နယူးဇီလန်မှာ ငလျင်လှုပ်အပြီး ကာဖြူးအမိန့် ထုတ်ပြန်

  • 4 စက်တင်ဘာ 2010
Newzeland quake
Image caption အပျက်အဆီးတွေ လူတွေပေါ်ပြုတ်ကျမှာကို ကာကွယ်နိုင်ဖို့ ကာဖြူးအမိန့်ထုတ်ရတာဖြစ်

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းမှာ ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ အင်းအားပြင်း မြေငလျင်တခု လှုပ်ခတ် သွားပြီးနောက် ခရိုက်စ်ချာ့ချ် မြို့ကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အခုလိုကာဖြူးအမိန့် ထုတ်ပြန်ရတာဟာ အပျက်အဆီးတွေ လူတွေပေါ် ပြုတ်ကျလာမှာကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်လို့ ရဲကပြောပါတယ်။

မနက်လင်းအားကြီးမှာ လှုတ်ခဲ့တာ ဖြစ်လို့ ကံကောင်းတယ်လို့ နယူးဇီးလန် ဝန်ကြီးချုပ် ဂျွန်ကီးက ပြောပါတယ်။

လူတွေဟာ အမှန်တကယ်ကို အရမ်းထိတ်လန့်သွားခဲ့ကြောင်း၊ အပျက်အဆီးတွေဟာလည်း တကယ့်ကို မယုံနိုင်လောက်အောင် ကြောက်စရာကောင်းကြောင်း၊ ဒါပေမယ့် အံ့သြစရာ ကောင်းတာက တဦးတယောက်မှ အသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူးလို့ ဝန်ကြီးချုပ်က ရှင်းပြ ပါတယ်။

ခရိုက်စ်ချာ့ချ် မြို့တော်ဝန် ဘော့ဘ်ပါကားကလည်း ပျက်ဆီးမှု ပမာဏဟာ ကြီးမားတယ်လို့ ပြောပါတယ်။

အဲဒီမြို့မှာ အခြေချနေထိုင်နေတဲ့ မြန်မာအမျိုးသမီး မမီးမီးကလည်း မနက် ၅ နာရီ လောက်မှာ အရမ်းတုန်ခါပြီး လှုပ်ခဲ့တာဖြစ်ကြောင်း သူ့ကြုံတွေ့ရတာကို ဘီဘီစီကို ပြောပြပါတယ်။

အဲဒီနောက် သူလည်း အိမ်ပြင် မြင်ခင်းပြင်ပေါ် ထွက်ပြေးခဲ့ကြောင်း ရှင်းပြပါတယ်။

အင်အားပြင်းတဲ့ နောက်ဆက်တွဲ မြေငလျင်တွေလည်း အတော်များများ လှုပ်ခတ်ခဲ့ပါတယ်။

လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်း ကျပြီး၊ လေပြင်းတွေ တိုက်ခတ် လာနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

အခုလို အကြီးအကျယ်ပျက်ဆီးမှုတွေ ရှိခဲ့ပေမယ့်လည်း၊ လျှပ်စစ်မီးကို နေရာ အတော် များများမှာ ပြန်ရနေပြီဖြစ်ပြီး၊ ရေကားတွေကနေ ရေတွေ လိုက်လံ ဖြန့်ဖြူးပေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။