ဗြိတိန်မှာ နိုင်ငံခြားကျောင်းသား အရေအတွက် ထိန်းချုပ်ရခက်

  • 6 စက်တင်ဘာ 2010
Image caption နိုင်ငံခြားသားကျောင်းသားတွေ ကျောင်းတက် မတက်သေချာအောင် စည်းမျဉ်းသစ်တွေလို

ဗြိတိန်နိုင်ငံမှာ ကျောင်းလာတက်တဲ့ နိုင်ငံခြားသား ကျောင်းသားအရေတွက်ကို ထိန်းချုပ်လို့မရ ဖြစ်နေတယ်လို့ ဗြိတိသျှ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Damian Green က ပြောကြားလိုက်ပါတယ်။

ဗြိတိန်ကိုလာရောက်တဲ့ ကျောင်းသားတွေဟာ ဘာသာရပ်တခုကို အမှန်တကယ်ယူထားပြီး တကယ်ကျောင်းတက်နေတယ်ဆိုတာကို သေချာ အောင်လုပ်ဖို့အတွက် စည်းမျဉ်း စည်းကမ်း အသစ်တွေ လိုအပ်တယ်လို့ သူက သတိပေး သွားပါတယ်။

အရင်တုန်းက မသိခဲ့ပဲ အခုလေ့လာချက်အရ ကျနော်တို့သိလာရတာက ဗြိတိန်နိုင်ငံထဲကို ဝင်လာတဲ့ ကျောင်းသားအရေအတွက်က ပြဿနာမဟုတ်ဘဲ၊ ဗြိတိန်နိုင်ငံထဲကို ရောက်လာ ပြီးနောက် နေရင်းကို မပြန်ဘဲ ဒီနိုင်ငံထဲမှာ ရေရှည်နေထိုင် သွားကြတဲ့ အရေအတွက်ကို ထိန်းချုပ်ဖို့ လိုလာပါတယ်လို့ သူက ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံကို လာရောက်ပညာသင်ကြားကြတဲ့ ကျောင်းသား ၁၈၅၀၀၀ ကျော်အနက် ငါးပုံ တစ်ပုံဟာ ဗီဇာ သက်တမ်းကုန်ဆုံးပြီးနောက်မှာ ကိုယ့်ဇာတိနိုင်ငံကို မပြန်ကြဘဲ ဗြိတိန် နိုင်ငံထဲမှာပဲ အခြေစိုက်နေထိုင်ကြတယ်လို့ အစိုးရရဲ့ လေ့လာဆန်းစစ်ချက်တွေအရ တွေ့ရှိရ ပါတယ်။

Image caption ကျောင်းသား ငါးပုံတစ်ပုံဟာ ဗီဇာသက်တမ်း ကုန်ပြီးနောက် ဗြိတိန်ထဲမှာ ဆက်နေကြတယ်

၂၀၀၉ ခုနှစ်ကစပြီး ဗြိတိန်ကို လာရောက် ပညာ သင်ကြားတဲ့ ကျောင်းသား အရေအတွက်ဟာ သုံးပုံတပုံ တိုးတက်များပြားလာပါတယ်။

အခုလေ့လာချက်အရ ၂၀၀၄ ခုနှစ်တုန်းက ဗြိတိန်ကို ရောက်လာတဲ့ ကျောင်းသား အရေ အတွက်ရဲ့ ငါးပုံတပုံဟာ ၂၀၀၉ ခုနှစ်အထိ ဗြိတိန်နိုင်ငံထဲမှာပဲ ဆက်လက်ရှိနေဆဲလို့ သိရပါတယ်။

ဆက်ဆပ်ခ်စ် တက္ကသိုလ်က လူဝင်မှုသုတေသန ဌာန ညွှန်ကြားရေးမှူး ပါမောက္ခ ရပ်ဆဲလ်ကင်းကတော့ ဗြိတိန်ထဲကို ရောက်လာတဲ့ ကျောင်းသားအရေအတွက်ဟာ ပြဿနာ တရပ်လို့ သူ့အနေနဲ့ မမြင်ဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေဘက်ကလည်း အမြင်အမျိုးမျိုးရှိကြပါတယ်။ ကျောင်သားတချို့ ကျောင်း မှန်မှန် မတက်ဘဲ အလုပ်လုပ် ငွေရှာနေကြတာကို တချို့ ကျောင်းသားတွေက မကြိုက်ကြ ပါဘူး။

တချို့ ကျောင်းသားတွေကတော့ အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည် ဖြစ်စေ ချမှတ်ထားတဲ့ ဥပဒေစည်းကမ်းနဲ့ ညီညွတ်ရင် အစိုးရအနေနဲ့ ဘာမှ ပြဿနာ မရှာသင့်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း လူဝင်မှုကြီးကြပ်ရေးဌာနကတော့ ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေ ပြုလုပ်ဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။