ကုရ်အန်ကို မီးရှို့ရင် အမေရိကန်တွေ အန္တရာယ်ရှိနိုင်

  • 7 စက်တင်ဘာ 2010

အမေရိကန်နိုင်ငံကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တဲ့ ၉ နှစ် မြောက်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ မူဆလင် ကုရ်အန်ကျမ်း စာအုပ်တွေကို မီးရှို့မယ်လို့ ဖလော်ရီဒါက ဧဝံဂေလိ ခရစ်ယာန် ဘုရားကျောင်း တစ်ခုက ကြေငြာထားတဲ့ အတိုင်းလုပ်ခဲ့ရင် ဆိုးဆိုးဝါးဝါး အကျိုးဆက်တွေ ဖြစ်လာနိုင်လိမ့်မယ်လို့ အာဖဂန်နစ္စတန်မှာရှိတဲ့ နိုင်ငံတကာတပ်တွေရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယားစ်က သတိပေးလိုက်ပါတယ်။

Image caption အာဖဂန်နစ္စတန်မှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့။

အဲဒီလို မီးရှို့တာတွေလုပ်ခဲ့ရင် အမေရိကန် စစ်သားတွေနဲ့ အရပ်သားတွေအတွက် အန္တရာယ်ရှိလာနိုင်ပြီး အစွန်းရောက် အကြမ်းဖက်သမားတွေကလည်း အဲဒီပုံတွေကို အသုံးချပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ ဖြစ်လာနိုင်တယ်လို့ ဗိုလ်ချုပ်ကြီး ပက်ထရီးယားစ်ရဲ့ အမေရိကန် သတင်းဌာနတွေကို ပေးပို့တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖလော်ရီဒါ ဘုရားကျောင်းက သင်းအုပ်ဆရာ ဒေါက်တာ တယ်ရီ ဂျုံးက ဗိုလ်ချုပ်ကြီး ပက်ထရီးယားစ်ရဲ့ သတိပေးချက်တွေကို သူ့အနေနဲ့ အလေးထား စဉ်းစားပါတယ်၊ ဒါပေမယ့် သူလုပ်မယ့် အစီအစဉ်ကိုတော့ ဆက်လုပ်မှာပါလို့ ပြောပါတယ်။

ဒီလို ကုရ်အန်ကို မီးရှို့ပြလိုက်တာဟာ အစွန်းရောက် အစ္စလာမ်မစ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေကို ငုံ့မခံဘူးဆိုတာ ပြချင်တာပါလို့ ဒေါက်တာဂျုံးက ပြောပါတယ်။

ပြည်နယ် အာဏာပိုင်တွေကတော့ ဒေါက်တာဂျုံးကို သူ့ဘုရားကျောင်းထဲမှာ မီးပုံကြီး ဖိုခွင့်ကို ခွင့်မပြုသေးပါဘူး။

ဒီလို ကုရ်အန်စာအုပ်တွေ မီးရှို့မယ့် အစီအစဉ်ကို အာဖဂန် မြို့တော် ကာဘူးလ်က ပလီကျောင်းတစ်ခုရှေ့မှာလည်း လူတွေ ရာနဲ့ချီပြီး တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အီရန်နိုင်ငံကလည်း လွတ်လပ်တဲ့ ပြောဆိုခွင့်ဆိုပြီး ဘာသာရေး အထိမ်းအမှတ်တွေကို စော်ကားထိပါးတာမျိုး လက်မခံဘူးလို့ ပြောခဲ့ပါတယ်။