ကိုရမ် ကျမ်းစာအုပ် မီးရှို့ဖို့ အစီအစဉ် ဖျက်သိမ်း

  • 10 စက်တင်ဘာ 2010
Image caption သင်းအုပ်ဆရာ Terry Jones နဲ့ ဗလီဆရာ

စက်တင်ဘာ ၁၁ရက် တိုက်ခိုက်ခံရမှု ကိုးနှစ်မြောက် အထိမ်းအမှတ်အဖြစ် အစ္စလာမ် ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့မယ်လို့ ခြိမ်းခြောက် ပြောဆိုနေတဲ့ အမေရိကန်က ခရစ်ယန် သင်းအုပ်ဆရာ Terry Jones က သူ့အစီအစဉ်ကို ရုပ်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

ကမ္ဘာတလွှားမှာ အဲဒီ ကိုရမ်စာအုပ် မီးရှို့မယ့် အစီအစဉ်ကို ရှုတ်ချ ခံခဲ့ရပါတယ်။

New York မြို့ Ground Zero နေရာနားမှာ အစ္စလာမ် ဘာသာရေး အဆောက်အဦ တည်ဆောက်မယ့် အစီအစဉ်ကို နေရာပြောင်းပေးဖို့ ဗလီဆရာက သဘောတူတဲ့အတွက် သူဖက်ကလည်း ကိုရမ်ကျမ်း စာအုပ် မီးရှို့မယ့် အစီအစဉ်ကို ပယ်ဖျက်ပေးလိုက်တာလို့ Terry Jones က ဆိုပါတယ်။

ဒါပေမယ့် အဲဒီပြောဆိုချက် မမှန်ဘူးလို့ ဗလီဆရာက ငြင်းပြီး သူ့ဖက်က အပေးအယူလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အစောပိုင်းတုန်း ကလည်း ဖလော်ရီဒါမှာ ရှိတဲ့ ခရစ်ယန် ဘုရားရှိခိုးကျောင်းက လူသုံးဆယ်လောက် ရှေ့မှာ အစ္စလာမ် ကိုရမ်ကျမ်း စာအုပ် မီးရှို့မယ့် အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့သလို ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က မစ္စတာဂျုံး ဆီကို ဖုန်းဆက် ပန်ကြားခဲ့တယ်လို့ သိရပါတယ်။