စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ဝမ်းနည်းခြင်းအခမ်းအနား

  • 11 စက်တင်ဘာ 2010
Image caption ကုန်သွယ်ရေးအဆောက်အဦးကို ပထမဆုံး ဝင်တိုက်တဲ့အချိန်အတိအကျမှာ တမိနစ်ငြိမ်

လူပေါင်း ၃ ထောင်နီးပါးသေဆုံးသွားခဲ့ရတဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဝမ်းနည်းခြင်း အခမ်းအနားတွေကို အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့ကြပါတယ်။

လူအများဆုံးတက်ရောက်တဲ့ နယူးယောက်မြို့ အခမ်းအနားမှာ အကြမ်းဖက်သမားတွေက လေယာဉ်အပိုင်စီးပြီး ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို ပထမဦးဆုံး ဝင်တိုက်ခဲ့တဲ့ အချိန်အတိအကျမှာ အခမ်းအနား တက်သူတွေ အားလုံး တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

အဲဒီနောက် သေဆုံးသွားခဲ့သူတွေရဲ့နာမည်တွေကို ဆွေမျိုးတွေက စတင်ပြီး ဖတ်ကြားခဲ့ ပါတယ်။

အမေရိကန်သမ္မတအိုဘားမားနဲ့ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်တို့ကတော့ နောက်ထပ် တိုက်ခိုက်ခံရတဲ့ နေရာတခုဖြစ်တဲ့ ပန်တဂွန်စစ်ဌာနချုပ် အခမ်းအနားကို တက်ရောက်ခဲ့ကြ ပါတယ်။

မစ္စတာအိုဘားမားက အမေရိကန်ဟာ အစ္စလာမ်တွေနဲ့ စစ်ဖြစ်နေတာ မဟုတ်ဘဲ အစ္စလာမ် ဘာသာကို ပျက်ဆီးအောင် လုပ်နေတဲ့ အဲလ်ခါရီဒါးတွေနဲ့သာ စစ်ဖြစ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတုန်းက ပြန်ပေးဆွဲခံရတဲ့ နောက်ထပ်လေယာဉ်တစင်းကို ခရီးသည်တွေနဲ့ ပိုင်းလော့ တွေက ပြန်ထိန်းချုပ်ဖို့ ကြိုးစားစဉ် ပျက်ကျခဲ့တဲ့ ပန်စီဗေးနီးယားမှာတော့ သမ္မတကတော် မစ်ရှယ်အိုဘားမားနဲ့ အရင်သမ္မတ ဂျော့ဘွတ်ရှ်ကတော် လော်ရာဘွတ်ရှ်တို့ ရောက်ရှိနေ ပါတယ်။

အစ္စလာမ်စင်တာနေရာ အတွက် အငြင်းပွား

Image caption ဒီပျက်ဆီးသွားတဲ့နေရာအနီး အစ္စလာမ်စင်တာ ဆောက်မယ့်ကိစ္စ အငြင်းပွားနေ

နယူးယောက်မှာ ကျင်းပတဲ့ အခုဝမ်းနည်းခြင်း အခမ်းအနားမှာ အကြမ်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ ကုန်သွယ်ရေးအဆောက်အဦး အနီးမှာ အစ္စလာမ် ယာဉ်ကျေးမှုစင်တာတခု တည်ဆောက်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားနေတဲ့ ကိစ္စက လွှမ်းမိုးနေခဲ့ပါတယ်။

ကုရ်အာန်ကျမ်းစာအုပ်တွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဖလော်ရီဒါက ခရစ်ယာန် အသင်းတခုရဲ့ သင်းအုပ်ဆရာဟာ နယူးယောက်ကို ရောက်ရှိနေပါတယ်။

သူဟာ အစ္စလာမ်စင်တာ တည်ဆောက်ဖို့ လုပ်နေတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးချင်နေပုံရပါတယ်။

ဒီသင်းအုပ်ဆရာကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ အာဖဂန်နစ္စတန်မှာ ဒုတိယနေ့ အဖြစ် ပြုလုပ်ခဲ့ရာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။