တခြားဘာသာတွေကို လေးစားဖို့ အိုဘားမား ပန်ကြား

  • 11 စက်တင်ဘာ 2010
US president Obama
Image caption ဘာသားရေးစာအုပ်တွေကို မီးရှို့ခြင်းဟာ အမေရိကန်ရဲ့ တန်ဖိုးတွေနဲ့ ဆန့်ကျင်နေတယ်

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အမေရိကန်ပြည်သူတွေအနေနဲ့ တခြား ဘာသာတွေရဲ့ ယုံကြည်မှုကို လေးစားသမှု ရှိကြဖို့ ပန်ကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းလေးတစ်ခုက ကုရ်အာန်ကျမ်းစာအုပ်တွေ ကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အပေါ် မူလဆင်နိုင်ငံတွေမှာ ဒီကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်လာနေတဲ့ အတွက် မစ္စတာအိုဘားမားက အခုလို ပြောကြားလိုက်တာပါ။

ဘာသာရေးစာအုပ်တွေကို မီးရှို့ခြင်းဟာ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ တန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ မစ္စတာအိုဘားမားက ပြောပါတယ်။

စက်တင်ဘာ ဆယ့်တစ် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့မှာ အခုလို ကုရ်အာန်ကျမ်းစာအုပ်တွေ ကို မီးရှို့မယ်ဆိုတဲ့ သင်းအုပ်ဆရာ တယ်ရီဂျုံန်းစ်က သူ့အစီအစဉ်ကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လို့ စက်တင်ဘာဆယ့်တစ် တိုက်ခိုက်မှုမှာ ပျက်ဆီးသွားတဲ့ နယူးယောက် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အဦးအနီးမှာ အစ္စလာမ်စင်တာ တခု တည်ဆောက်ဖို့ အဆိုပြု ထားတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်နဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုထား တယ်လို့ အဲဒီသင်းအုပ်ဆရာကပြောပါတယ်။

စက်တင်ဘာ ၁၁ ပြန်ပြောင်းသုံးသပ်

Image caption 9/11 အဖြစ်အပျက်ကနေ ဒီနေ့ထိ အမေရိကန် နဲ့ အစ္စလာမ်ကမ္ဘာကြား တင်းမာမှုတွေရှိနေ

စက်တင်ဘာ ၁၁ ဒီနေ့ဟာ နယူးယောက်က World Trade Centre မိုးမျှော်တိုက်ကြီးတွေ လေယဉ်နဲ့ ဝင်တိုက်ခံရလို့ ပြိုကျပြီး လူထောင်နဲ့ ချီ သေကြေခဲ့တဲ့ ၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ပါ။

မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ မရီတာအောင် ဟာ အဲဒီတုန်းကပြိုကျခဲ့တဲ့ အဆောက်အအုံ ထဲမှာ ရှိနေခဲ့သလို သူ့ရဲ့မွေးနေ့ပွဲ အခမ်းအနား လည်း အဲဒီမှာ လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ အသက်မသေခဲ့ပါဘူး။

အဲဒီ 9/11 အဖြစ်အပျက်ကစလို့ ဒီနေ့ချိန်ထိ အမေရိကန်နဲ့ အစ္စလာမ်ကမ္ဘာကြား တင်းမာမှု တွေ ရှိနေပါတယ်။

အမေရိကန်တွေကြားမှာ လတ်တလော အဖြစ်အပျက်တွေကိုလည်း ပြောဆိုတာတွေ ရှိနေ သလို အားလုံးက စက်တင်ဘာတိုက်ခိုက်ခံရမှုလိုမျိုး ထပ်မကြုံချင်ကြတော့ဘူးလို့ စာရေး ဆရာမတစ်ဦးလည်း ဖြစ်တဲ့ မရီတာအောင်က ပြောပါတယ်။

အပြစ်မဲ့တဲ့ လူတွေရဲ့ အသက်ကို ငဲ့ကွက်ပြီး အာဃာတတွေ မထားသင့်ဘူးလို့ မြင်တဲ့ အကြောင်း သူကပြောပါတယ်။