တူရကီအခြေခံဥပဒေပြောင်းလဲရေး ဆန္ဒခံယူပွဲကျင်းပ

  • 12 စက်တင်ဘာ 2010
Image caption တရားရုံးတွေအပေါ် အစိုးရရဲ့ အလွန်အကျွံ သြဇာသက်ရောက်မှု ရှိနေတယ်လို့ ဝေဖန်

တူရကီနိုင်ငံမှာ ဒီမိုကရေစီ ပိုအားကောင်း လာစေဖို့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့ အခြေခံဥပဒေအတွက် လူထု ဆန္ဒခံယူပွဲ ကျင်းပနေရာ မဲဆန္ဒရှင်တွေ မဲပေးနေကြပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေတဲ့ တူရကီနိုင်ငံရဲ့ အခြေခံဥပဒေပါ ပြင်ဆင်ချက် ၂၆ ချက်ထဲက အများစုကတော့ အငြင်းပွားစရာ မရှိပဲ၊ ဥရောပသမဂ္ဂ ကလည်း ဒီအချက်တွေကို ထောက်ခံထားပါတယ်။

သမ္မတ အက်ဘ်ဒူလာဂူးလ်ကလည်း ဆန္ဒခံယူပွဲကနေ တူရကီအကျိုးစီးပွားကို အကောင်းဆုံး ဖြစ်လာစေလိမ့်မယ်လို့ သူမျှော်လင့်ကြောင်းပြောပါတယ်။

''ဘယ်လို ရလဒ်ပဲထွက်လာထွက်လာ ကျွန်တော်တို့ ပြည်သူတွေအတွက် အကောင်းဖြစ်စေ မှာပါ။ ဒီဆန္ဒခံယူပွဲကနေ အကျိုးတရားတွေ ဆောင်ကျဉ်းပေးလိမ့်မယ်ဆိုတာ ကျွန်တော် မျှော်လင့်ပါတယ်'' လို့ သမ္မတက ပြောပါတယ်။

ဒါပေမယ့် တရားရေးဆိုင်ရာ အချက် ၂ ချက်ကတော့ တရားရုံးတွေအပေါ် အစိုးရက အလွန် အကျွံ သြဇာသက်ရောက်မှုရှိနေတယ်ဆိုပြီး အတိုက်အခံတွေက အပြင်းအထန် ဝေဖန်နေကြ ပါတယ်။

၂၀၀၈ ခုနှစ်ကလည်း အခုလက်ရှိအာဏာရ AKP ပါတီဟာ တူရကီမှာ ဘာသာရေးနဲ့ ကင်းရှင်းတဲ့ နိုင်ငံရေးစနစ်ကို သေးသိမ်အောင်လုပ်တယ်ဆိုပြီး အခြေခံဥပဒေ တရားရုံးက ဒီပါတီကို မတရားအသင်းကြေညာတော့မလို ဖြစ်ခဲ့ပါသေးတယ်။

ဒီဆန္ဒခံယူပွဲကနေ အပြီးသတ်ရလဒ်တခု ရရှိမယ်လို့ မျှော်လင့်ရပါတယ်။