ကမ္ဘောဒီးယား အလုပ်သမားဆန္ဒပြ

  • 13 စက်တင်ဘာ 2010
ကမ္ဘောဒီးယား အလုပ်သမားများ ဆန္ဒပြ
Image caption ကမ္ဘောဒီးယား အလုပ်သမားများ ဆန္ဒပြ

ကမ္ဘောဒီးယား အလုပ်သမား သမဂ္ဂက ခေါင်းဆောင်တွေက အခု လုပ်မယ့် အလုပ်သမား သပိတ်ထဲမှာ အလုပ်သမား စုစုပေါင်း ၈ ထောင်ကျော် ပါမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုအစပိုင်း မြင်တွေ့နေရတဲ့ အခြေအနေကို ကြည့်ရတာကတော့ သပိတ်မှောက်ကြမယ့် အရေအတွက်ဟာ သူတို့ ပြောသလောက်များမယ့် ပုံမပေါ်ပါဘူး။ ဖနွန်းပင်က အထည်ချုပ်စက်ရုံ တော်တော် များများဟာ ပုံမှန်လည်ပတ်နေပါတယ်။

ဒီလိုလည်ပတ်နိုင်တဲ့ အတွက် အလုပ်ရှင်တော်တော် များများ စိတ်သက်သာရာရ နေကြတဲ့ ပုံပေါ်ပါတယ်။ သူတို့ကတော့ ပြီးခဲ့တဲ့ အပတ်ထဲမှာ ကမ္ဘောဒီးယား အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်နဲ့ သူတို့ အထည်ချုပ်လုပ်ငန်းရှင်တွေ စျေးညှိခဲ့တာ အဆင်ပြေသွားကြလို့ အခုလို သပိတ်မှောက်တဲ့ ဦးရေနည်းသွားတာပဲလို့ ယူဆကြပါတယ်။

အလုပ်ရှင်တွေဘက်က ကမ်းလှမ်းခဲ့ကြတာကတော့ တခြားခံစားခွင့်တွေ တိုးပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလို တခြားခံစားခွင့်တွေတိုးပေးခဲ့ တဲ့ အတွက် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ဘက်ကလည်း သူတို့ တောင်းဆိုနေကြတဲ့ အနိမ့်ဆုံးလစာ တိုးပေးဖို့ တောင်းဆိုချက်ကို တဝက်ကျော်ကျော်လျော့ပေးဖို့ အလုပ်ရှင်တွေဘက်က အပြန်အလှန် တောင်းဆိုခဲ့ကြပါတယ်။ တဝက်ကျော်ကျော်လျော့ ပေးဖို့ အလုပ်ရှင်တွေဘက်က သဘောတူကမ်းလှမ်းတဲ့ ပမာဏဟာ တလလုပ်ခတိုးငွေ ၅ ဒေါ်လာဖြစ်ပါတယ်။ ဒါကို အခုတော့ နိုင်ငံတဝန်းမှာ ရှိတဲ့ အလုပ်သမားသမဂ္ဂ တော်တော်များများက လက်ခံလိုက်ကြပါပြီ။ ဒါ့ကြောင့်လည်း သပိတ်မှောက်တဲ့ အလုပ်သမားအရေအတွက် လျော့ကျသွားတာဖြစ်ပါတယ်။

ဒီသပိတ်ဟာ ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့တာမှန်ပေမယ့် နိုင်ငံတကာ လက္ခဏာဆောင်တဲ့ တော်တော်ထူးခြားတဲ့ အလုပ်သမားသပိတ်ကြီးပါ။ ဒီလိုထူးခြားတဲ့ အလုပ်သမားသပိတ်ကြောင့် ကမ္ဘောဒီးယားရဲ့ အထည်ချုပ်လုပ်ငန်းကို ထိခိုက်သွားမလားဆိုပြီး တချို့က စိုးရိမ်ပူပန်နေကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေ့ခေတ်ရဲ့ ထူးခြားချက်အရ ရင်းနှီးမြုပ်နှံသူတွေဟာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ကြလေတော့ သူတို့အတွက် တွက်ခြေမကိုက်ရင် လုပ်ငန်းတွေကို ပြန်ရုတ်သိမ်းသွားနိုင်တဲ့ အန္တရာယ်ရှိနေလို့ပါ။

အထည်ချုပ်လုပ်ငန်းဟာ နိုင်ငံတကာမှာ ထင်ရှားတဲ့ အဝတ်အထည်အမှတ်တံဆိပ်တွေ ဖြစ်ကြတဲ့ GAP, Levis, Marks & Spencer တို့လို ဧရာမ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တွေက ကမ္ဘောဒီးယား အထည်ချုပ်လုပ်ငန်းတွေကို အထည်အပ်ပြီး ချုပ်ခိုင်းနေကြတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ တကမ္ဘာလုံးလွှမ်းခြုံတဲ့ သွင်ပြင်လက္ခဏာဆောင်လာတဲ့ ဒီခေတ်ထဲမှာ အလုပ်သမားခစျေးချိုတဲ့ အာရှနိုင်ငံတွေမှာ နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံကြတာလည်း ဖြစ်ပါတယ်။