ကက်ရှ်မီးယား ဆန္ဒပြမှု အတွင်း လူအများအပြားသေ

  • 14 စက်တင်ဘာ 2010
kashmir violence
Image caption ကက်ရှ်မီးယား ဒေသမှာ အကြမ်းဖက် ဆန္ဒပြမှု တွေကို အစိုးရက မထိန်းနိုင်

အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသဘက်ခြမ်းမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ၁၈ဦး သေဆုံးပြီး တရာ လောက် ဒဏ်ရာ ရသွားပါတယ်။

အဲဒီဒေသမှာ အခုနှစ် နွေရာသီ ကာလအတွင်း ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ခဲ့ရာမှာ အခု နောက်ဆုံး ဖြစ်တဲ့ ဒီဆန္ဒပြမှုဟာ အဆိုးဝါးဆုံး အကြမ်းဖက် ဆန္ဒပြမှုကြီးလို့ ဆိုနိုင်ပါတယ်။

မူဆလင် အများစု နေထိုင်တဲ့ အဲဒီဒေသမှာ ကာဖြူးအမိန့်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ ကြားက လူထောင်ပေါင်း များစွာ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ အစိုးရ ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ၊ လွတ်လပ်ရေး တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သုံးလတာ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ အလားတူ ဆန္ဒပြမှုတွေ အတွင်း ရဲတွေရဲ့ ပစ်ခတ် နှိမ်နှင်းမှုကြောင့် လူ၇၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီတခေါက် ဆန္ဒပြမှုမှာတော့ ဆန္ဒပြသူတွေထဲက တချို့ဟာ အမေရိကန် ပြည်ထောင်စုမှာ မူဆလင်တို့ရဲ့ ကုရ်အာန် ကျမ်းစာကို မီးရှို့ ဖျက်ဆီးမယ်ဆိုတဲ့ ကိစ္စအပေါ် မကျေနပ်ကြောင်း ပြတဲ့ အနေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရ အဆောက်အအုံ အတော်များများ တိုက်ခိုက်ခံခဲ့ရပြီး ဒေါသထွက်နေကြတဲ့ လူအုပ်ကြီးက အမေရိကန် သမ္မတ အိုဘားမားရဲ့ ပုံတူ ရုပ်ပုံတွေကို မီးရှို့ ဖျက်ဆီး ခဲ့ကြပါတယ်။

ကက်ရှ်မီးယားပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ Protestant ခရစ်ယာန် ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတခုနားမှာလည်း မော်တော်ကားတွေ မီးတင်ရှို့ ခံခဲ့ရပါတယ်။

ကက်ရှ်မီးယား ဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ အကြား နှစ်ပေါင်း ၆၀ ကျော် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေပြီး နှစ်ပိုင်း ကွဲနေတဲ့ ဒေသဖြစ်ပါတယ်။