အိုင်ဒီပီစခန်းတွေ ခလေးတွေအတွက် အန္တရာယ်ရှိ

  • 15 စက်တင်ဘာ 2010
A child from IDP
Image caption ပါကစ္စတန်က ရွာပုံးရွာရှောင် စခန်းတခုက ခလေးတယောက်

ကမ္ဘာတဝှမ်းမှာ IDP (Internally Displaced Persons) ခေါ်တဲ့ ရွာပုန်းရွာရှောင်တွေ နေထိုင်တဲ့ ယာယီ တဲစခန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေမှာ မြေစာပင် ဖြစ်ခဲ့ရတဲ့ ခလေး သူငယ်တွေ အတွက် အန္တရာယ် အကြီးဆုံး နေရာတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိ တယောက်က ပြောလိုက်ပါတယ်။

ဆူဒန်၊ ချဒ်၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်တွေမှာ သိန်းနဲ့ချီတဲ့ အိုင်ဒီပီတွေဟာ ယာယီ တဲစခန်းတွေမှာ နေကြရပါတယ်။

သူတို့ဟာ ပြည်တွင်းစစ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပြီး လုံခြုံမှု တစုံတရာ ရဖို့ မျှော်လင့်ချက်နဲ့ ခုလို စုဝေးပြီး တဲစခန်းတွေမှာ နေကြရတာ ဖြစ်ပါတယ်။

လူကြီးတွေ အတွက် ဘေးအန္တရယ်ကနေ လုံခြုံမှု တစုံတရာ ရနိုင်ပေမဲ့ ခလေးတွေ အတွက်တော့ စိတ်မချရဘူးလို့ ခလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိ ရာဒီကာ ကူမာရာဆွာမိက ပြောပါတယ်။

ခလေးတွေ ထင်းကောက်သွား၊ ဒါမှမဟုတ် အိမ်သာသွားတဲ့အခါ သူတို့ဟာ မဖွယ်မရာ လုပ်ဖို့ ခေျာင်းနေသူတွေရဲ့ ဓားစာခံဘဝ ရောက်ကြပါတယ်။

နောက်တချက်က ခလေးတွေဟာ ဘာမှ လုပ်စရာ မရှိကြဘူး။ ကျောင်းလည်း မရှိတော့ ခလေးတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ အဖွဲ့ထဲ အတင်းအကြပ် စုဆောင်းခေါ်ယူတတ်ကြတယ်လို့ ရာဒီကာ ကူမာရာ ဆွာမိက ဆိုပါတယ်။

တကယ်လည်း ကနေ့အချိန်မှာ ခလေးစစ်သား စုဆောင်းသူတွေ အဓိက ပစ်မှတ်ထားတဲ့ နေရာတွေထဲမှာ အိုင်ဒီပီ စခန်းတွေဟာ အဓိက နေရာ ဖြစ်လာနေပါတယ်။

ဒီစခန်းတွေမှာ ခလေးတွေ အကာအကွယ်မဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်း တခုကတော့ စခန်းတွေ အားလုံးကို စံတပြေးထဲထားပြီး ဖွင့်လှစ် ထိန်းသိမ်းနေတာ မဟုတ်တဲ့ အတွက်ဖြစ်တယ်လို့ မစ္စ ကူမာရာဆွာမိက ပြောပါတယ်။

တချို့ စခန်းတွေကို ကုလသမဂ္ဂက အုပ်ချုပ်သလို တချို့ကို ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကနဲ့ တချို့ကိုတော့ သက်ဆိုင်ရာ အစိုးရတွေက အုပ်ချုပ်နေတာ ဖြစ်တယ်၊ တခါ တချို့ စခန်းတွေမှာ ကျောင်းတွေရှိပြီး တချို့ စခန်းတွေမှာတော့ ကျောင်းတောင် မရှိဘူးလို့ မစ္စ ကူမာရာဆွာမိက ပြောပါတယ်။

ဒီတော့ ရွာပုံးရွာရှောင် ခလေးတွေ ဘေးအန္တရာယ် ပိုလုံလုံခြုံခြုံရှိအောင် ပထမဆုံး လုပ်ရမဲ့ ခြေလှမ်းတခု အနေနဲ့ ခလေးအားလုံးကို ပုံမှန် ပညာရေး အစီအစဉ်တွေ စီစဉ်ပေးရေး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို အစိုးရ စစ်တပ်တပိုင်း လက်နက်ကိုင်တပ်တွေနဲ့ ဝေးရာမှာ ထားပြီး သက်မွေးဝမ်းကျောင်း အတတ်ပညာ တခုခု သင်ပေးခြင်းအားဖြင့် နောက်ပိုင်းမှာ သူတို့ဟာ သူတို့ ဘဝကို ပြန်စခွင့်ရတဲ့အခါ အဆင်သင့်ဖြစ်နိုင်မယ်လို့ ကုလသမဂ္ဂ အရာရှိက အကြံပေးထားပါတယ်။