ပုပ်ရဟန်းမင်းကြီး ဗြိတိန် ရောက်

  • 16 စက်တင်ဘာ 2010

နှစ်ဆယ့် ရှစ်နှစ် အတွင်း ပုပ်ရဟန်းမင်းကြီး တစ်ပါးရဲ့ ပထမဆုံး အကြိမ် ဗြိတိန်ကို လာတဲ့ နိုင်ငံတော် ခရီးစဉ် ကြာသပတေး နေ့က စတင် လိုက်ပါတယ်။

လေး ရက်ကြာ ခရီးစဉ်ရဲ့ ပထမဆုံးနေ့ အဖြစ် ရိုမင် ကက်သလစ် ဘာသာဝင် တို့ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် စကော့တလန် ကို ရောက်လာခဲ့ ပါတယ်။

Image caption ဘုရင်မကြီးရဲ့ ဖိတ်ခေါ်ချက် အရ ပုပ်ရဟန်း မင်းကြီး ရောက်လာ

စကော့တလန်ရဲ့ မြို့တော် ဖြစ်တဲ့ အီဒင် ဘာရာကို ရောက်လာခဲ့ တဲ့ ပုပ် ရဟန်း မင်းကြီးကို လေဆိပ် ဂုဏ်ပြု တပ်ဖွဲ့က ဗာတီကန် အမျိုးသား သီချင်းနဲ့ ကြိုဆို ကြပါတယ်။ အဲလစ်ဇဘက် ဘုရင်မကြီး ကတော့ သူ့ရဲ့ နန်းတော်မှာ ကြိုဆိုခဲ့ ပါတယ်။

ပုပ်ရဟန်း မင်းကြီးက မိန့်ခွန်း ပြောခဲ့ ရာမှာတော့ ဗြိတိန် နိုင်ငံ မှာ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ကြတဲ့ ခေတ်သစ် လူ့ ဘောင် အသိုင်းအဝိုင်း တိုးတက် ဖြစ်ထွန်း လာနေတဲ့ တချိန်ထဲမှာပဲ ခရစ်ယာန် အခြေခံ တွေကို မမှေးမှိန်အောင် ထိန်းသိမ်း ကြဖို့ တိုက်တွန်း သွားပါတယ်။

စောစောပိုင်း ကတော့ ကလေးငယ်တွေ အပေါ် ဘုန်းတော်ကြီး တွေက လိင်ပိုင်း ဆိုင်ရာ မတော် မတရား ပြုမူ တွေ ရှိခဲ့တယ် ဆိုပြီး ပေါ်ထွက် လာတာတွေကို ဘာသာရေး ခေါင်းဆောင်တွေ ဘက်က တုံ့ပြန်မှု နှေးကွေးတယ် ဆိုတာကို အသိ အမှတ် ပြုတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ နောက်မှာ အီဒင်ဘာရာ မြို့တော်က ဘာသာရေး ပွဲတော် အတွင်းကို Pope Mobile လို့ ခေါ်တဲ့ မှန်လုံ ကျည်ကာ ကားကြီနဲ့ ပုပ်ရသန်းမင်းကြီးက လှည့်လည် ခဲ့ရာမှာ လမ်းဘေး ဝဲယာမှာ စောင့်နေကြသူတွေက စကော့တလန် အလံတွေ ဗာတီကန် အလံတွေ ဝှေ့ယမ်းပြီး ကြိုဆို ခဲ့ကြ ပါတယ်။

အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဖိတ်ကြားချက် အရ ရောက်လာတဲ့ ပုပ်ရဟန်း မင်းကြီးရဲ့ ခရီးစဉ် အတွက် လုံခြုံရေးတွေကို တင်းတင်း ကြပ်ကြပ် ချထားပါတယ်။

ဗာတီကန်ရဲ့ မူဝါဒ တွေ အရ လိင်တူ ဆက်ဆံတာတွေ၊ ပဋိသန္ဓေ တားဆီးရေး စတာ တွေကို လက်မခံတဲ့ အတွက် ဆန္ဒပြကြမယ့် အဖွဲ့ အစည်း တွေကလည်း ရှိနေကြ ပါတယ်။

ပုပ်ရဟန်းမင်းကြီးကတော့ ဗြိတိန် နိုင်ငံဟာ ကက်သလစ် ဘာသာကို ဆန့်ကျင်တဲ့ သမိုင်းကြောင်း ရှိသလို စိတ်ရှည်သီးခံတဲ့ သာဓက တွေလည်း အများကြီး ရှိတယ်လို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ သမိုင်းဝင် ခရီးစဉ် အဖြစ် ကက်သလစ် ဘာသာဝင်တို့ အတွက် အလွန် အရေးပါသလို ဝေဖန်မှုတွေ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ ခရီးစဉ် အဖြစ်လည်း အမှတ်ရ စရာ ဖြစ်ပါတယ်။