ကုလထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် မအောင်မြင်သေး

  • 20 စက်တင်ဘာ 2010
Image caption ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ စစ်ပွဲတွေမှာ သန်းပေါင်းသန်းနဲ့ချီတဲ့ ငွေတွေကိုအသုံးပြုခဲ့

ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် စီမံကိန်းတွေကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂ ထိပ်တန်းစီးပွားရေး ပညာရှင် တဦးဖြစ်သူ ပါမောက္ခ Jeffrey Sachs က ပြောပါတယ်။

ဝင်ငွေကောင်းတဲ့ နိုင်ငံတွေဟာ သန်းပေါင်း သန်းနဲ့ချီတဲ့ ငွေတွေကို ငြိမ်းချမ်းရေးလုပ်ငန်း တွေအတွက် မဟုတ်ဘဲ စစ်ပွဲတွေအတွက် အသုံး ပြုခဲ့တယ်လို့ သူကပြောပါတယ်။

၂၀၀၅ ခုနှစ်မှာ အာဖရိကတိုက်က နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ အတွက် ဒေါ်လာ သန်းသုံးထောင် ကူညီမယ်လို့ ကတိကဝတ်ပြုခဲ့ကြပေမယ့် တဝက်လောက်ပဲ ကူညီငွေရရှိခဲ့တယ်လို့ မစ္စတာ Sachs က ပြောပါတယ်။

နိုင်ငံ ၁၄၀ ကျော်က ခေါင်းဆောင်တွေဟာ နယူးယောက်မြို့မှာ ဒီကနေ့ တွေ့ဆုံပြီး၊ ကုလသမဂ္ဂရဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် စီမံကိန်း အခြေအနေတွေကို ပြန်လည် သုံးသပ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်းမှာ ထောင်စုနှစ်ဖွံ့ဖြိုးရေး စီမံကိန်းအရ ဆင်းရဲမွဲတေမှုတိုက်ဖျက်မှုနဲ့ ပတ်သက်ပြီး တိုးတက်မှု ရခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိကြပါတယ်။ ဒါပေမယ့် တိုးတက်မှုရှိတဲ့ နေရာကရှိပြီး မရှိတဲ့နေရာကမရှိနဲ့ မညီမညာ ဖြစ်ခဲ့ပါတယ်။

တချို့အရေးကြီးတဲ့ ရည်မှန်းချက်တချို့ဟာလည်း ပြည့်မီအောင်မြင်မှုမရှိတာ တွေ့ရပါတယ်။ ဥပမာအားဖြင့်ပြောရရင် မိခင်နဲ့ မွေးကင်းစကလေးငယ် စောင့်ရှောက်ရေးဟာ ရည်မှန်းထား သလို မပေါက်ရောက်ခဲ့ပါဘူး။

ဒီနှစ်တွေအတွင်းမှာ ဖွံ့ဖြိုးရေး အကူအညီတွေကို အမြဲလိုလို များများစားစား ပေးခဲ့ပါတယ်။ ဒါပေမယ့် ချမ်းသာတဲ့ နိုင်ငံကြီးတွေဟာ သူတို့ ကတိပြုထားတဲ့ ပမာဏ ရောက်အောင် ကူညီ ပံ့ပိုးဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒီနှစ် တနှစ်ထဲအတွက်ကိုပဲ ကတိပြုထားတဲ့ ပမာဏထက် ဒေါ်လာ ၂၀ ဘီလျံ လျော့နည်းနေ ပါတယ်။

ဒီထိပ်သီး အစည်းအဝေးကနေ နောက်ထပ် လှူဒါန်းထောက်ပံ့ငွေ ကတိပြုချက်အသစ်တွေ ထွက်ပေါ်လာမလားဆိုပြီး အများက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့်အခုချိန်ဟာ စီးပွားရေးကြပ်တည်းပြီး ခြိုးခြံချွေတာရေးလုပ်နေရတဲ့ အချိန်ဆိုတော့ ဒီထိပ်သီးအစည်းအဝေးမှာ အဲသလိုရည်မှန်းအချက်အသစ် ချမှတ်ရေး အစီအစဉ်မျိုး အစကတည်းက ရှိခဲ့ပုံမရပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ အခုအချိန်မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ခေါင်းဆောင်မှုပေးဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။