ကန်စစ်တပ်ထဲ လိင်တူ ဆက်ဆံသူများကိစ္စ မဲခွဲ

  • 22 စက်တင်ဘာ 2010
US Military
Image caption အမေရိကန် စစ်တပ်ထဲမှာ ဖွင့်မပြောဘဲ လိင်တူ ဆက်ဆံသူ လေးသောင်းလောက်ရှိ

အမေရိကန် စစ်မှုထမ်းတွေကို သူတိုရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကို ဗြောင်ထုတ်ပြောခွင့် ပေးသင့်မပေးသင့် ဆီးနိတ်မှာ မဲခွဲရာမှာ မပေးရေးဘက်က အနိုင်ရသွားပါတယ်။

တည်ဆဲ ဥပဒေတွေအရ အမေရိကန် စစ်တပ်ထဲမှာ လိင်တူဆက်ဆံသူတွေ အမှုထမ်းခွင့် ရှိပေမယ့် ကိုယ်ဟာ လိင်တူ ဆက်ဆံသူ ဖြစ်ပါတယ် ဆိုတာကို ဗြောင်ထုတ်ပြောတာနဲ့ စစ်တပ်ထဲက ထွက်ရပါတယ်။

ဒီဥပဒေဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ထဲက ရှိလာတာဖြစ်ပြီး သမ္မတ အိုဘားမားက ဒီဥပဒေကို ဖျက်သိမ်းပေးမယ်လို့ သမ္မတ မဖြစ်ခင်ကတည်းက တောက်လျှောက် ကတိပေးလာတာ ဖြစ်ပါတယ်။

ဒီဥပဒေကို ဖျက်သိမ်း သင့်မသင့် အထက်လွှတ်တော်မှာ လွန်ခဲ့တဲ့ နာရီပိုင်းက မဲခွဲခဲ့တာ ဖြစ်ပြီး မဲမခွဲခင်မှာ ဒီဥပဒေကို ဖျက်သိမ်းဖို့ တင်တဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးလီဘာမင်းက တည်ဆဲ ဥပဒေဟာ မတရားဘူး၊ မမျှတဘူး၊ ပြီးတော့ လိင်တူ ဆက်ဆံသူတွေရဲ့ သာတူညီမျှ အခွင့်အရေး ရပိုင်ခွင့်ကို ပိတ်ပင်ရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီဥပဒေ ဖျက်သိမ်းရေးကို ကန့်ကွက်နေတဲ့ ရီပတ်ဗလင်ကန် အမတ်တွေကတော့ အိုဘားမား အစိုးရဟာ သမ္မတ သက်တမ်းတဝက်မှာ လုပ်တဲ့ ခုနိုဝင်ဘာမှာ လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲလိုချင်လို့ သက်သက် အခွင့်ကောင်းယူ လုပ်တဲ့ လုပ်ရပ်လို့ဆိုပါတယ်။

တကယ် မဲခွဲတဲ့အခါမှာ ရီပတ်ဗလစ်ကန်တွေက အနိုင်ရသွားခဲ့ပြီး ပြောခဲ့တဲ့ မမေးနဲ့၊ မပြောနဲ့ လို့သိကြတဲ့ ဥပဒေဟာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် ပေါအာဒမ်ကတော့ အိုဘားမား အစိုးရက ဒီဥပဒေ ရုပ်သိမ်းရေးကို အစောကြီးကတည်းက ကတိပေးခဲ့ပြီး ခုရွေးကောက်ပွဲနီးမှာ ကပ်တင်တဲ့အတွက် မအောင်မြင်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ခုဆိုရင် အချိန်လည်း သိပ်မရှိတော့တဲ့ အတွက် နိုဝင်ဘာ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင်တော့ သူတို့ ထပ်ကြိုးစားမယ်လို့ မထင်ကြောင်း၊ ဒါပေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးနဲ့ လွှတ်တော် အမတ်သစ်တွေ လွှတ်တော် စတက်မဲ့ နှစ်သစ် မတိုင်ခင် ကြားကာလမှာ ထပ်ကြိုးစားနိုင်ကြောင်း၊ အဲဒိအချိန်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကိစ္စကို သူတို့ဘာသာ သူတို့ ပြန်လှန်သုံးသပ်မှုတွေ ပြုလုပ်မှာ ဖြစ်ပြီး အဲဒိအခါမှာ ဒီဥပဒေ ရုပ်သိမ်းရေးကို ထောက်ခံသူတွေအတွက် ထပ်တင်ဖို့ နည်းနည်း ပိုလွယ်လာနိုင်တယ်လို့ ပေါအာဒမ်က ပြောပါတယ်။

လောလောဆယ်မှာတော့ ဒီဥပဒေ ဖျက်သိမ်းရေးကို အစောကြီးကတည်းက မျှော်လင့်နေသူတွေ အနေနဲ့ အခွင့်အရေး တရပ် လက်လွှတ် ဆုံးရှုံးသွားရသလို ခံစားရမှာ သေချာတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။