အိုဘားမား စစ်ပွဲများ စာအုပ်ရဲ့ ဂယက်

  • 22 စက်တင်ဘာ 2010

လာမယ့် သီတင်းပတ်ထဲကျမှ အမေရိကန် မှာ ဖြန့်ဝေမယ့် စာအုပ် ထဲမှာ ပါတဲ့ အကြောင်း အရာတချို့ ပေါက်ကြား လာခဲ့ ရာမှာ အာဖဂန် နစ္စတန် ဆိုင်ရာ အမေရိကန်ရဲ့ မဟာဗျူဟာနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားရဲ့ ထိပ်တန်း အကြံပေး အရာရှိတွေ ကြားထဲ အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ရှိနေတယ် လို့ သိရပါတယ်။

Image caption သမ္မတ အိုဘားမားကို ဂယက် ရိုက် ခတ်နိုင်တဲ့ စာအုပ် မကြာခင် ထွက်မယ်

သြဇာတိက္ကမ ကြီးမားတဲ့ အမေရိကန် သတင်း ထောက် ဘော့ ဝတ်ဝပ်ဒ် ရေးသားတဲ့ "Obama's Wars" အိုဘားမားရဲ့ စစ်ပွဲများ ဆိုတဲ့ စာအုပ် ထဲမှာ ဒေသဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ရစ်ချတ် ဟိုးလ် ဘရွတ် ဟာ အာဖဂန် ဗျူဟာနဲ့ ပတ်သက်လို့ သံသယ ရှိတဲ့ သူတွေထဲမှာ ပါတဲ့ အကြောင်း ဖော်ပြထား တာဖြစ် ပါတယ်။

အာဖဂန် နစ္စတန် မှာ စစ်ရေး တိုးမြှင့် ဆောင် ရွက်မှုဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ မစ္စတာ ဟိုးလ် ဘရွတ် ပြောထားတာကို ကိုးကား ရေးသားထား ပါတယ်။

သမ္မတ အိုဘားမားက နိုင်ငံရေး အကြောင်းပြချက်နဲ့ အာဖဂန် နစ္စတန် ကနေ ဆုတ်ခွါဖို့ နည်း ဗျူဟာ တစ်ရပ်ကို တောင်းဆိုတယ်လို့ စာအုပ်ထဲမှာ ရေးထားပေမဲ့ အိမ်ဖြူတော် ကတော့ ဘာမှ ကောက်ချက် မပေးခဲ့ပါဘူး။

ဒီစာအုပ်အကြောင်း မပေါက်ကြားခင်ကတည်း က အာဖဂန်အရေး နည်း ဗျူဟာ ကိစ္စတွေနဲ့ ပတ်သက်လို့ အိုဘားမား အစိုးရ တွင်းမှာ တင်းမာမှုတွေ၊ သဘော ကွဲလွဲမှုတွေ ရှိနေပြီး ဒီနည်းဗျူဟာ ပြင်ဆင်ရေးဆွဲရာမှာ အခက်အခဲ တွေ ရင်ဆိုင်ခဲ့ရတယ် ဆိုတာ လူတိုင်း သိနေတဲ့ ကိစ္စတွေပါ။

အဲဒီတုန်းက အငြင်းပွားမှုတွေ၊ ပေါက်ကြားမှုတွေ ရှိခဲ့ပေမဲ့လည်း အဆုံးမှာ သမ္မတ အိုဘားမား အနေနဲ့ သူအဆိုပြုထားတဲ့ အတိုင်း ဆက်လုပ်နိုင်ခဲ့ပါတယ်။

အခုထွက်လာတဲ့ စာအုပ်ထဲမှာတော့ အဲဒီ သဘောကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေဟာ အရင် သိထားတာထက်တောင် ပိုတင်းမာခဲ့ပါတယ် ဆိုပြီး ဖွင့်ချထားပါတယ်။

တခါ ဒီစာအုပ်ထုတ်မယ့် အချိန်ဟာ သမ္မတ အိုဘားမားရဲ့ အာဖဂန် အရေး နည်း ဗျူဟာ အပေါ် မယုံမကြည် စိတ်တွေ ပို ကြီးထွား လာနေချိန် ရွေးကောက်ပွဲ သက်တမ်းနှစ် လည်ပိုင်းလောက်နဲ့ တိုက် ဆိုင်နေပါတယ်။

အမေရိကန် တပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်ကနေ ပြန် ရုပ်သိမ်းဖို့ သမ္မတ အိုဘားမားရဲ့ နည်းဗျူဟာကလည်း ပြည်တွင်း နိုင်ငံရေး အကြောင်းခံ တွေကြောင့် ဆိုတာတွေ ကလည်း နောက်ထပ် ထိခိုက်စရာ ဖြစ်လာ နိုင်ပါတယ်။

ဒါ့အပြင် အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းဟာ စိတ်ကျ ရောဂါ ခံစားနေရတယ် ဆိုတဲ့ ပြောဆိုနေမှုတွေ ရှိနေတယ် ဆိုတာကို အမေရိကန် ထောက်လှမ်းရေးက သိထားပြီး အာဖဂန် နစ္စတန်မှာ ဒေသခံ အာဖဂန်လူမျိုး သုံး ထောင်လောက် ရှိတဲ့ လျှို့ဝှက် စစ်တပ်တခု ဖွဲ့ထား တယ် လို့ စာအုပ်ထဲမှာ ဖွင့်ချထားတယ်လို့လည်း ဘီဘီစီ သတင်းထောက် နစ်ချိုင်းက ပြောပါတယ်။