အမေရိကန်ကို အကြမ်းဖက် တိုက်ခိုက်မှု ပုံစံမျိုးစုံနဲ့ တိုးလုပ်လာနေ

  • 23 စက်တင်ဘာ 2010
Image caption US ပြည်ထဲရေးဝန်ကြီး Janet Napolitano

အမေရိကန် အပေါ် အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အပေါင်းပါတွေရဲ့ ခြိမ်းခြောက်မှုက ပိုပြီး နက်နဲ ရှုပ်ထွေးလာတယ်လို့ ထိပ်တန်း အမေရိကန် လုံခြုံရေး အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ပြည်တွင်းက လူတွေကို ဖောက်ခွဲ ကြံစည်မှုတွေ တိုးလာတယ်လို့ ဝါရှင်တန်မြို့က ဆီးနိတ်လွှတ်တော် ကြားနာရေး ကော်မတီ ရှေ့မှောက်မှာ လုံခြုံရေး အကြီးအကဲတွေက ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်သမားတွေဟာ ဖောက်ခွဲ ကြံစည်မှု အသေးလေးတွေ တိုးလုပ် လာနေပြီး အရင်ကထက်ပိုပြီး မကြာခဏ တိုက်ခိုက်မှုတွေ လုပ်လာတယ်၊ အဲဒါလေးတွေက ခြေရာခံ အမိဖမ်းနိုင်ဖို့ အတော်ခက်တယ်လို့ ပြည်တွင်း လုံခြုံရေး ဝန်ကြီး Janet Napolitano က ဆိုပါတယ်။

ဒါပေမယ့်လည်း ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုတွေ ပြီးကတည်းက ဆိုရင် ပါကစ္စတန်က အယ်လ်ကိုင်းဒါး ဗဟိုလှုပ်ရှားမှုဟာ အားအပျော့ဆုံး အခြေအနေကို ရောက်သွားပြီလို့ အမေရိကန် အရာရှိတွေက အဲဒီကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။