တရုတ် ကပ္ပတိန် ကို ဂျပန် ပြန်လွှတ်မယ်

  • 24 စက်တင်ဘာ 2010

ဂျပန်နဲ့ တရုတ် နိုင်ငံ ကြား အငြင်းပွား ရေပိုင်နက် အတွင်းမှာ အခုလ စောစော ပိုင်းက ဂျပန် နိုင်ငံကနေ ဖမ်းဆီးခဲ့တဲ့ တရုတ် ငါးဖမ်း သင်္ဘော ကပ္ပတိန်ကို လွှတ်ပေး ဖို့ ဂျပန် ဘက်က ဆုံးဖြတ်လိုက် ပါတယ်။

Image caption ဘေဂျင်းမှာ ရှိတဲ့ ဂျပန် သံရုံး ရှေ့က ဆန္ဒပြမှု

အဲဒီ ကိစ္စကြောင့် နှစ်နိုင်ငံကြားမှာ နှစ်ပေါင်း များစွာ အတွင်း အကြီးမား ဆုံး တင်းမာမှု ဖြစ်ခဲ့တာပါ။

အဲဒီ တရုတ် ငါးဖမ်း သင်္ဘောက ဂျပန် ကမ်းခြေ စောင့် သင်္ဘော နှစ်စင်းကို ဝင်တိုက်မိ ခဲ့တာ လည်း ဖြစ်ပါတယ်။

အခုလို ဂျပန်ဘက်က လွှတ်ပေးမယ်လို့ ပြောတဲ့ အတွက် လတ်တလော နှစ်နိုင်ငံ ဆက်ဆံရေးမှာ စူးနေနဲ့ ဆူးတစ်ချောင်းကို ချက်ချင်း နှုတ်ပစ်လိုက် တဲ့ သဘောလို့ ပြောလို့ ရပေမဲ့ ဒီပြဿနာ ချက်ချင်း ပြေလည်သွား မယ်လို့တော့ မဆိုနိုင်သေးပါဘူး။

သင်္ဘော ကက်ပတိန်ကို ဖမ်းတာဟာ ဥပဒေနဲ့ မညီဘူးလို့ တရုတ် ဘက်က ပြောပြီး အဆင့်မြင့် သံတမန် အဆက်အသွယ်တွေ ဖြတ်တောက်လို့ ဖိအား ပေးခဲ့ပါတယ်။

ဒီလို ပြုမူ တာဟာ တရုတ်ဘက် ကတော့ အလုပ်ဖြစ်တယ်လို့ ထင်နေပြီး နောင် ဂျပန်နဲ့ ဆက်ဆံတဲ့ အခါမှာလည်း ပြင်းထန်တဲ့ သဘောထားကို ကိုင်စွဲ ဖွယ် ရှိနေပါတယ်။

ဒီကိစ္စ တစ်ခု တည်းသာမက တခြား ဘက်ကို ကြည့်ရင်လည်း လတ်တလော နှစ်တွေအတွင်း တရုတ်နဲ့ ဂျပန် နှစ်ဘက် စလုံးရဲ့ တင်းမာတဲ့ ပြုမူ ဆက်ဆံပုံဟာ ဒေသတွင်း တစ်ခုလုံးရဲ့ အနေ အထားကိုပါ ပြောင်းလဲ စေတယ်လို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် နစ်ချိုင်းစ် က သုံးသပ် ပါတယ်။

ဒေသတွင်း မှာရော နိုင်ငံ တကာ မှာပါ တရုတ်ရဲ့ အင်အား ပြလာမှုကို အိမ်နီးချင်းတွေ သတိထား နေရပါတယ်။

တရုတ် ဘက်ကတော့ သူ့ကို ကြောက်စရာ မလိုဘူးလို့ ပြောပါတယ်။

နောက်ပြဿနာ တစ်ခုက တောင် တရုတ် ပင်လယ်ထဲက နယ်မြေအငြင်းပွားမှု ပါ။ ဒီအရေး အပေါ် အမေရိကန်ကလည်း အာရုံစိုက် လာပြီး ဒါကလည်း တရုတ် အတွက် စိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။

ဒီပြဿနာ တွေကြောင့် ကိုးရီးယား ကျွန်းဆွယ် ကိစ္စကလည်း မရေမရာ အနေအထား ပုံစံ တွေ့နေ ရပါတယ်။

အမေရိကန်နဲ့ တရုတ်ရဲ့ အိမ်နီးချင်း တွေဟာ လက်ရှိ တရုတ်-ဂျပန်ကိစ္စမှာ ဒီနှစ်နိုင်ငံရဲ့ အနေ အထားကို စူးစူး စိုက်စိုက် အကဲခတ် နေကြတာ ကတော့ အသေအချာပါ။ ဒါ့ အပြင် အမေရိကန်ဟာ ဒီဒေသတွင်းကို ပြန်လည် အာရုံ စိုက်ပြီး စေ့စပ် ဆွေးနွေးလိုတဲ့ ဆန္ဒတွေ ဖော်ထုတ် လာသလို အရှေ့တောင် အာရှနိုင်ငံ ခေါင်းဆောင်တွေက လည်း သောကြာနေ့ မှာ အမေရိကန်နဲ့ နယူးယောက် မြို့မှာ တွေ့ဆုံဖို့ ရှိနေ ပါတယ်။