စားကုန်စျေးတွေ ကြီးတာ ဘယ်လို ဖြေရှင်းကြမလဲ

  • 24 စက်တင်ဘာ 2010

ကမ္ဘာ တဝန်းမှာ လတ် တလော စားနပ် ရိက္ခာ စျေးနှုန်းတွေ မြင့်တက် လာတာနဲ့ ပတ်သက်တဲ့ အထူး အစည်း အဝေး တစ်ရပ်ကို ကုလသမဂ္ဂ စားနပ် ရိက္ခာ အေ ဂျင်စီက ကြီးမှူးပြီး အီတလီ နိုင်ငံ ရောမ မြို့မှာ ကျင်းပ နေပါတယ်။

Image caption စားကုန် စျေးတွေ ကြီးလာလို့ အဆင်းရဲဆုံး သူတွေ ငတ်မွတ်မှု ကြုံရနိုင်

စားနပ် ရိက္ခာနဲ့ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အဖွဲ့က စျေးနှုန်းတွေဟာ (၂၀၀၉) ခုနှစ် နောက် ပိုင်း (၂၅) ရာခိုင်နှုန်း မြင့်တက် လာတယ် လို့ ပြောပါတယ်။ စားသောက်ကုန် စျေးနှုန်း ကြီးမြင့်မှု ကြောင့် ကမ္ဘာပေါ်က အဆင်းရဲဆုံး သူတွေ ကြိုးပမ်း ရုန်းကန် နေကြရတယ်လို့ ပြောပါတယ်။

ကမ္ဘာ ပေါ်မှာ သီးနှံ အများဆုံး တင်ပို့ ရောင်းချ တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရရှားက သူ့ရဲ့ သီးနှံတွေ ပြည်ပ ထုတ် မရောင်း တော့ဘူးလို့ ပြောလိုက်တဲ့ အတွက် ရိုက်ခတ် လာနိုင်တာ တွေကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ ရည်ရွယ် တာ ဖြစ်ပါတယ်။

ရရှားနိုင်ငံမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ကျရောက်ပြီး မိုးခေါင် တာကြောင့် သီးနှံ ထုတ်လုပ်မှုကို ထိခိုက်နေသလို တခြား သီးနှံ ထုတ်လုပ်ကြတဲ့ ပါကစ္စတန်နဲ့ တရုတ် နိုင်ငံ တို့မှာလည်း ရေကြီးလို့ သီးနှံတွေ ပျက်ခဲ့ပါတယ်။

ဒီအခြေအနေတွေက ကမ္ဘာ့ သီးနှံစျေးကွက် အပေါ် ရိုက်ခတ်မှုတွေ ရှိနေ ပါတယ်။

ဒါကြောင့် ဒီအခြေအနေကို ထိန်းနိုင်ဖို့နဲ့ ပြီးခဲ့တဲ့ သုံးနှစ်က ကမ္ဘာ တစ်ဝန်း ကြုံခဲ့တဲ့ အစားအစာ ရှားပါးမှုမျိုး မကြုံရအောင် ဒီအစည်း အဝေးမှာ ကျွမ်းကျင်သူ တွေက နည်းလမ်း ရှာကြမှာ ဖြစ်ပါတယ်။

အစားအစာ စျေးနှုန်း မြင့်တက် မှုကြောင့် ကမ္ဘာ့ လူဦးရေရဲ့ သုံးပုံတစ်ပုံ လောက်ရှိတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အစာ ဝယ်မစား နိုင်လို့ အသက်ပါ ဆုံးရှုံး ရတဲ့အထိ အခြေ အနေက ဆိုးနိုင် ပါတယ်။ အခုအချိန်က နိုင်ငံ အများ အပြားမှာ ရိတ်သိမ်း ချိန်မို့ သီးနှံ စျေးနှုန်းက ကျသင့်တဲ့ အချိန် ရောက်လာ ပေမယ့် နှစ်နှစ်တာ အမြင့်ဆုံးကို ရောက်နေ ပါတယ်။

ဂျပန်က အဓိက ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီကြီးဖြစ်တဲ့ နိုမူရာ ကတော့ အစား အစာ စျေးနှုန်း တွေဟာ နောက် လေး၊ငါး၊ခြောက်နှစ် အထိ ဆက်တက် ဦးမယ်လို့ ခန့်မှန်း နေပါတယ်။

ဒီတပတ် အစောပိုင်းက ထွက်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင် ခံစာမှာ စားကုန် စျေးကွက်ကို ပိုမို ထိန်းချုပ်တဲ့ စည်းကမ်းတွေ ပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီထဲမှာ စျေးကစားသူတွေ ပိုတိုးလာတဲ့ အတွက် စျေးတွေ တက်ရတာလို့လည်း ပြောထားပါတယ်။