Ed Miliband လေဘာ ခေါင်းဆောင် ဖြစ်လာ

  • 26 စက်တင်ဘာ 2010
Ed Miliband
Image caption လေဘာပါတီ ခေါင်းဆောင်သစ် အက်ဒ မီလီဘန်း

ဗြိတိန်က အတိုက်အခံ လေဘာပါတီရဲ့ ခေါင်းဆောင် ရွေးပွဲမှာ အက်(ဒ)မီလီဘန်း အနိုင်ရရှိခဲ့ပါတယ်။

လေဘာပါတီ ခေါင်းဆောင် နေရာကို ဝင်အရွေးခံသူ ငါးယောက်မှာ အက်ဒမီလီဘန်းနဲ့ အကို ဖြစ်သူ ဒေးဗစ်တို့ နှစ်ယောက်ဟာ လူကြိုက် အများဆုံး ဖြစ်ပြီး ခုခေါင်းဆောင် ရွေးပွဲဝင် ငါးယောက်မှာ တယောက်ပြီး တယောက် ထွက်သွားရပြီး နောက်ဆုံး ညီအကို နှစ်ယောက်သာ ကျန်ပါတယ်။

နောက်ဆုံး ညီအကို နှစ်ယောက်ထဲ ပြိုင်ရာမှာ ညီဖြစ်သူ အက်ဒမီလီဘန်းက ထောက်ခံမှု တစ်ရာခိုင်နှုန်းကျော်လေးနဲ့ ကပ်နိုင်သွားပါတယ်။

လေဘာပါတီ ခေါင်းဆောင်ကို ပါတီ အမတ်တွေ၊ ပါတီဝင်တွေနဲ့ သမဂ္ဂတွေက ရွေးချယ်တာ ဖြစ်ပြီး အကိုဖြစ်သူ ဒေးဗစ် မီလီဘန်းဟာ လေဘာ အမတ်တွေနဲ့ ပါတီဝင်တွေဆီက မဲပိုရပေမဲ့ သမဂ္ဂတွေရဲ့မဲက အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသွားပါတယ်။

ပါတီ ခေါင်းဆောင် အဖြစ် အရွေးခံရပြီးနောက်မှာ အက်ဒမီလီဘန်းက ပါတီဝင်တွေ အားလုံးနဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကိုပါ ရအောင်ယူဖို့ သံဓိဌာန်ချကြောင်း ပြောသွားပါတယ်။

လေဘာ ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အကြီးအကျယ် အရေးနိမ့်ခဲ့တယ်၊ အဲဒိအတွက် လေဘာပါတီထဲမှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုတာကို အသိအမှတ်ပြုကြောင်းနဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရ ပေါ်လစီ တချို့ကို ထောက်ခံဖို့ ပြင်ထားတာကို အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့တယ်၊ ပြည်သူလူထုနဲ့ ကင်းကွာခဲ့တယ်။ ဒီနေ့မှာ လေဘာပါတီကို မျိုးဆက်သစ်က ဦးဆောင်တော့မယ်၊ ဒီမျိုးဆက်သစ်ဟာ အပြောင်းအလဲကို တောင်းဆိုနေတာကို နားလည်တဲ့ မျိုးဆက်သစ် ဖြစ်တယ်၊ ဒါကို ကျွန်တော် ကောင်းကောင်း သဘောပေါက်တယ်လို့ ပြောချင်တယ်လို့ လေဘာပါတီ ခေါင်းဆောင်သစ်က ပြောသွားပါတယ်။

အရင် အစိုးရတုန်းက နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ ဒေးဗစ် မီလီဘန်းက ညီဖြစ်သူရဲ့ ခေါင်းဆောင်မှုအတိုင်း လိုက်နာမယ်လို့ အစောပိုင်းက ပြောခဲ့ပြီး သူ့အနေနဲ့ သူ့လောက် အတွေ့အကြုံမရှိတဲ့ ညီဖြစ်သူရဲ့ ခေါင်းဆောင်မှုကို ဘယ်လောက်ထိ လွယ်လွယ်ကူကူ လိုက်နာနိုင်မလဲ ဆိုတာ မှန်းဆ ပြောဆိုချက်တွေကတော့ ရှိနေမှာပါ။

အက်ဒမီလီဘန်းကလည်း ပါတီထဲက အရည်အချင်းရှိသူ အားလုံးရဲ့ စွမ်းဆောင်ရည်တွေကို အသုံးချဖို့ ဆန္ဒရှိတာကို အလေးအနက် ပြောသွားပါတယ်။

လေဘာပါတီရဲ့ ခေါင်းဆောင်သစ်ဟာ လေဘာပါတီကို အစဉ်အလာအားဖြင့် ထောက်ခံမှု ကောင်းကောင်း ပေးခဲ့တဲ့ သမဂ္ဂတွေရဲ့မဲနဲ့ တက်လာတာဖြစ်ပြီး အရင် ပါတီ ခေါင်းဆောင်တွေနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ခေါင်းဆောင်တယောက် ဖြစ်လာဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က လေဘာပါတီ ကွန့်ဖရင့် ကျင်းပရာ မန်ချက်စတာကနေ သတင်းပေးပို့ထားပါတယ်။