ဖခင် အရိုက်အရာကို ကင်ဂျုံအွန်း ဆက်ခံ မှာလား

  • 28 စက်တင်ဘာ 2010

မြောက်ကိုရီးယား နိုင်ငံမှာ ကျန်းမာရေး မကောင်းတဲ့ ခေါင်းဆောင် ကင်ဂျုံအီးလ် ရဲ့ အရိုက် အရာကို ဆက်ခံမယ့်သူ အဖြစ် သူ့ရဲ့ အငယ်ဆုံးသား ကင် ဂျုံအွန်း ကို ခန့်ထား မယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ခန့်မှန်း နေကြတဲ့ လက်ရှိ အာဏာရ အလုပ် သမားများ ပါတီ ရဲ့ ရှားရှားပါးပါး ညီလာခံကြီး စတင် ပြုလုပ် နေပါတယ်။

Image caption တောင်ကိုရီးယား TV မှာ ပြခဲ့တဲ့ ကင်ဂျုံအွန်း လို့ ယူဆရသူရဲ့ ပုံ

ဒီစည်းဝေးပွဲ မစခင် နာရီပိုင်း အလိုမှာပဲ မြောက်ကိုရီးယား တရားဝင် သတင်း မီဒီယာမှာ ကင်ဂျုံအွန်း ကို ကြယ်လေးပွင့် အဆင့်ရှိတဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး ရာထူး ခန့်အပ် ခဲ့ပါတယ်။

ပါတီညီလာခံကနေ ကင်ဂျုံအွန်းကို ဗိုလ်ချုပ်ကြီး ရာထူး ခန့်ထားလိုက်တာဟာ စောစောပိုင်းကတည်းက သတင်းတွေ ထွက်နေသလို သူ့ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ခြေလှမ်း ပြင်လိုက်တာလို့ အများက ယူဆနေကြပါတယ်။

စစ်ဘက် ဆိုင်ရာ အတွေ့ အကြုံ မရှိဘဲ ဗိုလ်ချုပ်ကြီး ဖြစ်လာတဲ့ ကင်ဂျုံအွန်းဟာ အသက် (၂၇) နှစ် အရွယ်လို့ ခန့်မှန်း ရပြီး ဆွစ်ဇာလန် နိုင်ငံမှာ ကျောင်းနေခဲ့ တယ် ဆိုတာက လွဲလို့ သူ့ အကြောင်း ဘာမှ မသိရပါဘူး။

ကင်ဂျုံအီးလ်က သူ့ရဲ့ သား သုံးယောက်ထဲမှာ အချစ်ဆုံး ဖြစ်တဲ့ သားထွေး ကင်ဂျုံအွန်းကို သူ့ အရိုက် အရာ ဆက်ခံဖို့ မူလကတည်းက ရည်ရွယ်ခဲ့ တယ်လို့ ဆိုကြ ပါတယ်။

ဒါပေမဲ့ သားကို ခေါင်းဆောင် တင်ဖို့က သူ့ သဘော တစ်ခုတည်းနဲ့ မပြီးပါဘူး။ မြောက်ကိုရီးယား စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့လည်း လိုအပ်တယ်လို့ မြောက် ကိုရီးယားမှာ နှစ် နှစ်ကြာ နေထိုင်ခဲ့တဲ့ ပညာရှင် ဟေဇယ် စမစ်သ်က ပြောပါတယ်။

မြောက်ကိုရီးယား အလုပ်သမားများ ပါတီ ဆိုတာက ခေါင်းဆောင်တွေရဲ့ ပေါ်လစီနဲ့ စစ်တပ်ရဲ့ ပေါ်လစီကို ပေါင်းစည်း ပေးတဲ့ အဖွဲ့သာ ဖြစ်ပြီး တိုင်းပြည်ကို တကယ်တန်း အုပ်ချုပ် နေတာက အမျိုးသား ကာကွယ်ရေး ကော်မရှင် ဖြစ်ပါတယ်။

ကင်ဂျုံအွန်းကို ဗိုလ်ချုပ်ကြီး ရာထူး ခန့်အပ်လိုက်တဲ့ သဘောက အာဏာ ချုပ်ကိုင်ထားတဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင်မှာ သူ့ အတွက် ရာထူး တစ်နေရာ ရာထားတဲ့ သဘောဖြစ်ပါတယ်။

ကင်ဂျုံအွန်းဟာ အတွေ့ အကြုံ နည်းပါး လွန်းတယ်၊ စစ်တပ် အတွက် သိပ် အသုံး မဝင်ဘူး လို့ စစ်တပ်က မြင်ရင် ဒါမှ မဟုတ် သူတို့ လိုချင်တဲ့ ပုံစံနဲ့ နိုင်ငံ ကို ဦးဆောင် နိုင်မယ့်သူ မဟုတ်ဘူးလို့ ယူဆရင် သူဟာ အနာဂတ် ခေါင်းဆောင် နေရာမှာ ကြာကြာ မြဲမယ် မထင်ဘူးလို့ ဟေဇယ် စမစ်သ်က သုံးသပ် ပါတယ်။

တကယ်တော့ မြောက် ကိုရီးယားမှာ သား ဖြစ်သူကို ခေါင်ဆောင်တင်ဖို့ ပြင်နေတာဟာ အခု တစ်ကြိမ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အခု လက်ရှိ ခေါင်းဆောင်ကင်ဂျုံအီးလ် ကိုယ်တိုင်ဟာလည်း ဒီနည်းနဲ့ဘဲ သူ့ဖခင်က အရိုက်အရာ လွှဲပေးတာကို ရယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခု ပါတီညီလာခံမှာ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးလ်ကို ပါတီ ခေါင်းဆောင် အဖြစ် ထပ်မံ ခန့်ထားတဲ့ အကြောင်းလည်း မြောက်ကိုရီးယား ရေဒီယိုမှာ ကြေငြာ ခဲ့ပါတယ်။