မြစ်ရေ ညစ်ညမ်းမှုကြောင့် ရေပြဿနာ ကြုံနိုင်

  • 30 စက်တင်ဘာ 2010
water problem
Image caption ခြောက်သွေ့ ဒေသတွေမှာ ရေသန့် ရနိုင်မှုဟာ ချိမ်းခြောက် ခံနေရ

ကမ္ဘာ့ လူဦးရေရဲ့ ရှစ်ဆယ် ရာခိုင်နှုံးလောက် နေနေတဲ့ နေရာတွေမှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ရေချို ရရှိမှု နည်းပါးလာနေပြီး ရေပြဿနာ အကြီးအကျယ် ကြုံရဖွယ် ရှိနေတယ်လို့ အထင်ကရ စာစောင်တခု ဖြစ်တဲ့ Nature သိပ္ပံဂျာနယ်ပါ လေ့လာချက် တရပ်က ပြောလိုက်ပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေက လူသန်းသုံးထောင့် ငါးရာလောက်ဟာ ရေကောင်းရေသန့်ရဖို့ အာမမခံနိုင်တဲ့ နေရာတွေမှာ နေနေရတယ်လို့ ကမ္ဘာ့ မြစ်ကြီးတွေကို လေ့လားထားတဲ့ အစီရင်ခံစာက ဆိုပါတယ်။

ဒီလေ့လာချက်ကို နယူးရောက်မြို့ စီးတီး တက္ကသိုလ်က ပါမောက္ခ ချားဗိုရော့မာတီက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရေပြဿနာဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေတင်မက ဖွံဖြိုးပြီး နိုင်ငံတွေပေါ်မှာပါ သက်ရောက်မှု ရှိတယ်လို့ ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ကမ္ဘာပေါ်က မြစ်တွေကို လေ့လာကြည့်တဲ့အခါ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တွေ့ရတဲ့ ရေရှားပါးမှု ဖြစ်စေမဲ့ အနေအထားမျိုးတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း တွေ့ရတဲ့ အချက်ဟာ ထူးခြားတယ်လို့ ပြောပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေမှာ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုကို ပိုဂရုစိုက်မယ်လို့ ထင်စရာ ရှိပေမဲ့ ဥပမာ ဥရောပမှာဆိုရင် တချိန်က စိမ့်စမ်းရေ ထွက်နိုင်တဲ့ မြေတွေဟာ လူတွေရဲ့ အရမ်းကာရော အသုံးချမှုတွေကြောင့် မူလမြေအနေအထားရဲ့ ဆယ်ရာခိုင်နှုံးလောက်ကပဲ သဘာဝအတိုင်း ကျန်တော့တာ တွေ့ရပါတယ်။

ကမ္ဘာမြေဟာ ဒီလို အကြမ်းပတမ်း လုပ်ရပ်မျိုးတွေကို ခံနိုင်အား မရှိဘဲ အကျိုးဆက် အနေနဲ့ ဥရောပက မြစ်တွေမှာ ငါးမျိုးတုံးဖို့ အခြေအနေ ဆိုက်လာနေပြီး လက်ရှိ သဘာဝ ပတ်ဝန်းကျင် အနေအထားဟာ ရေသတ္တဝါ အစုံ ရှင်သန် နိုင်လောက်စေတဲ့ အနေအထားမျိုးမှာ မရှိတော့ပါဘူးလို့ ပြောပြပါတယ်။

လူဦးရေ တိုးပွားလာမှုနဲ့ ဥတုရာသီ ပြောင်းလဲမှုကိုပါ ထည့်စဉ်းစားရင် ရေပြတ်လပ်မဲ့ အန္တရယ်ဟာ ပိုတောင်ကြီးလာမယ်လို့ လေ့လာမှုမှာ ပါတဲ့ နောက်သုတေသန ပညာရှင် တယောက်က ပြောပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေဟာ ရေချို ရရှိနိုင်မှု နည်းပါးလာရခြင်းရဲ့ အခြေခံ အကြောင်းအရင်းတွေကို မကိုင်တွယ်ခဲ့တဲ့ အတွက် ခုလို ရေရှားပါးမှုနဲ့ ကြုံလာနိုင်နေပြီး ဒီနိုင်ငံတွေရဲ့ အမှားကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက လိုက်မလုပ်မိဖို့ အရေးကြီးတယ်လို့ ပါမောက္ခ ဗိုရော့မာတီက ပြောပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေမှာ လုပ်ပုံက ပြဿနာရဲ့ ဇစ်မြစ်ကို မကိုင်ဘဲ အကိုင်းအခက် လိုက်ခုတ်နေတဲ့ နေရာမှာ ပိုက်ဆံတွေကို သန်းပေါင်း သန်းချီပြီး ဖြုန်းပစ်ခဲ့ပြီး ခုဆိုရင် တရုတ်တို့၊ အိန္ဒိယတို့ကို ကြည့်ရင်လည်း အနောက်နိုင်ငံတွေ လမ်းကြောင်းအတိုင်း တသွေမတိမ်း လုပ်နေတာ တွေ့ရကြောင်း အဲသလို လုပ်မဲ့အစား ရေကိစ္စကို ကြိုကြို တင်တင် လုပ်ဆောင်သင့်တယ်လို့ ထင်ပါလို့ ပါမောက္ခ ဗိုရော့မာတီက ပြောပါတယ်။

ရေကိစ္စကို အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက လေးလေးနက်နက် သဘောထား ကိုင်တွယ်သင့်တယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။

သောက်သုံးရေသန့် အတွက် ရေနဲ့ဆိုင်တဲ့ နည်းပညာ၊ အခြေခံ အဆောက်အဦတွေမှာ ရင်းနှီးမြှတ်နှံဖို့ နောင်ငါးနှစ်အတွက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ တနှစ်ကို ဒေါ်လာ သန်းရှစ်သိန်းလောက်ထိ ရင်းနှီးမြှတ်နှံဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။