အီကွေဒေါမှာ အရေးပေါ် အမိန့် ကြေညာ

  • 1 အောက်တိုဘာ 2010
ecuador protests
Image caption ရဲတွေရဲ့ မျက်ရည်ယိုဗုံးနဲ့ အပစ်ခံခဲ့ရတဲ့ သမ္မတ ကော်ရီယာ

အီကွေဒေါ နိုင်ငံမှာ အာဏာသိမ်းဖို့ အတိုက်အခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ကြံစည်ခဲ့တယ်လို့ သမ္မတ ရာဖာယယ်လ် ကော်ရီယာ က စွပ်စွဲ ပြောကြားခဲ့အပြီးမှာ အရေးပေါ် အမိန့် ကြေညာလိုက်ပါတယ်။

အစိုးရ ဝန်ထမ်းတွေအတွက် ဆုကြေးစနစ် ပြောင်းလဲ ပြဌာန်း လိုက်တာအပေါ် ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ရဲတွေကို ထိပ်တိုက် ရင်ဆိုင်ခဲ့ စဉ်အတွင်း သမ္မတ ကော်ရီယာ မျက်ရည်ယိုဗုံးနဲ့ အပစ်ခံခဲ့ရပါတယ်။

သမ္မတ ကော်ရီယာ ဆေးကုသ ခံနေတဲ့ ဆေးရုံကို ရဲတွေက ဝိုင်းထားရာမှာ သူ့ကို ထောက်ခံသူ တွေနဲ့ ရဲတွေအကြား ရင်ဆိုင် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြနေတဲ့ ရဲတွေနဲ့ ပူးပေါင်းတဲ့အနေနဲ့ လေတပ် စစ်မှုထမ်းတွေကလည်း ကီတိုမြို့တော် နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်လိုက်တဲ့ အတွက် လေဆိပ်ကို နာရီ အတန်ကြာ ပိတ်ထားခဲ့ရပါတယ်။

နိုင်ငံ တဝှမ်းမှာလည်း ဆူပူအုံကြွမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အခုလို အီကွေဒေါ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ OAS ခေါ် အမေရိက နိုင်ငံများ အဖွဲ့ကြီးက ပြောပါတယ်။

သမ္မတ ကော်ရီယာ ဟာ အန္တရာယ်နဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဗက်နက်ဇွဲလား သမ္မတ အူဂို ချားဗက်ဇ် က ပြောခဲ့ပြီး ကိုလမ်ဘီယာနဲ့ ပီရူးနိုင်ငံတို့ကလည်း အီကွေဒေါ နိုင်ငံနဲ့ ကပ်ရက် သူတို့ရဲ့ နယ်စပ် ဒေသတွေကို ပိတ်ထားလိုက်ပါတယ်။

အမေရိကန် အစိုးရကလည်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

လူတွေကို ငြိမ်ငြိမ်သက်သက် နေကြဖို့ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က မေတ္တာ ရပ်ခံလိုက်ပြီး အီကွေဒေါ အစိုးရကို ထောက်ခံကြောင်း ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အီကွေဒေါ နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်တဲ့ အစဉ်အလာ ရှိခဲ့ပြီး သမ္မတ ကော်ရီယာ အာဏာလွှဲယူခဲ့တဲ့ ၂၀၀၇ ခုနှစ် မတိုင်ခင်မှာ ဆန္ဒပြမှုတွေကြောင့် ဆယ်စုနှစ် တခုအတွင်း သမ္မတ ၃ဦး ပြုတ်ကျခဲ့ဖူးပါတယ်။