အီကွေဒေါ သမ္မတကို စစ်တပ်က ကယ်ထုတ်

  • 1 အောက်တိုဘာ 2010
Ecuador Police
Image caption အီကွေဒေါ ရဲတွေက မီးရှို့

အီကွေဒေါနိုင်ငံမှာ သမ္မတ ရာဖာရယ် ကော်ရီယာဟာ သူ့ကို အံတုတဲ့ ရဲတွေရဲ့ နာရီအတော်ကြာ အဝိုင်းခံခဲ့ရပြီးနောက် သူ့ကို စစ်တပ်ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပုန်ကန်ကြတဲ့ ရဲတွေဟာ အာဏာသိမ်းဖို့ ကြိုးစားကြတာ ဖြစ်တဲ့အတွက် အရေးယူမယ်လို့ သမ္မတ က ရုပ်မြင်သံကြားကနေ ပြောပါတယ်။

သူတို့ဟာ ရုပ်မြင်သံကြားထုတ်လွှင့်စက်တွေကို သိမ်းတယ်၊ ရဲနဲ့စစ်တန်းလျားတွေကို သိမ်းပိုက်တယ်ဆိုတာ အာဏာသိမ်းဖို့ လုပ်တာ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ကွီတိုမြို့က ဆေးရုံတစ်ခုမှာ သမ္မတကို ရဲတွေက မျက်ရည်ယိုဗုံးသုံးပြီး ဝိုင်းထားခဲ့ကြတာ ၁၂ နာရီတောင် ကြာပါတယ်။ နောက်ဆုံးကျမှ အီကွေဒေါ စစ်တပ်က သမ္မတကို ကယ်ထုတ်နိုင်ခဲ့တာပါ။

အဲဒီအဓိကရုဏ်းမှာ လူ ၂ နှစ်ယောက်သေပြီး ၇၀ လောက် ဒဏ်ရာရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ရဲတွေရဲ့ လစာအပိုဆုကြေးတွေကို ဖြတ်တောက်မယ့် အစိုးရအစီအစဉ်ကို မကျေနပ်ကြလို့ ရဲတွေက ပုန်ကန်ကြပြီးတဲ့နောက် ရဲချုပ်လည်း ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။

ပြောရရင် သမ္မတ ကော်ရီယာ ဟာ သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ၂၀၀၆ ခုနှစ် မတိုင်ခင် ၁၀ စုနှစ်အတွင်း အီကွေဒေါ နိုင်ငံမှာ သမ္မတ ၈ ဦးထက် မနည်း အုပ်ချုပ်ခဲ့တာပါ။

၂၀၀၅ ခုနှစ်တုန်းက လမ်းမတွေပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ခဲ့အပြီး သမ္မတ လူဆီယို ဂူတီယာရက်ဇ် ဖြုတ်ချခံခဲ့ရပါတယ်။

သမ္မတ ကော်ရီယာဟာ အီကွေဒေါ နိုင်ငံ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီလို့ ပြည်သူအတော်များများက ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ နိုင်ငံ့ စီးပွားရေး ကိစ္စရပ်ကလည်း အန္တရာယ် အများဆုံး ကိစ္စရပ် ဖြစ်ခဲ့ပါတယ်။

အသုံးစရိတ် လျှော့ချဖို့ ဆက်တိုက် ကြိုးပမ်းခဲ့မှုတွေနဲ့ ပုဂ္ဂလိက ပိုင်လုပ်ရေး ပဏာမ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတဝန်း ဆူပူ အုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်။