ပါလက်စတိုင်းသမ္မတ ပီအဲလ်အို ခေါင်းဆောင်တွေနဲ့ ဆွေးနွေး

  • 2 အောက်တိုဘာ 2010
Image caption ဆွေးနွေးပွဲကနှုတ်ထွက်ဖို့ မစ္စတာအားဘတ်စ် အကြီးအကျယ် ဖိအားပေးခံနေရ

အစ္စရေးနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ပါလက်စတိုင်းတို့ နှုတ်ထွက် မထွက်ဆိုတာနဲ့ပက်သက်ပြီး၊ ပါလက်စတိုင်း သမ္မတ မားမွတ်အားဘတ်စ် ဟာ ထိပ်တန်း လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

အစ္စရေးတို့က ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းမှာ ဂျူးအိမ်ယာတည်ဆောက်မှုတွေကို ဆက်လုပ် မယ် ဆိုတာကြောင့် မစ္စတာအားဘတ်စ် တယောက် ဆွေးနွေးပွဲကနေ နှုတ်ထွက်ဖို့အတွက် အကြီးအကျယ် ဖိအားပေးခံနေရပါတယ်။

အစ္စရေးတို့ရဲ့ အိမ်ယာတည်ဆောက်မှု ရပ်စဲထားတဲ့ သက်တန်းကို ထပ်မတိုးဘူးဆိုရင် ပါလက်စတိုင်းအနေနဲ့ ဆွေးနွေးပွဲတွေကနေ နှုတ်ထွက်ဖို့အတွက် တခြား ပီအလ်အို ခေါင်းဆောင် အတော်များများက ပြတ်ပြတ်သားသား သဘောထား ပေးမယ်ဆိုတာကို မစ္စတာအားဘတ်စ် အနေနဲ့ သတိပြုမိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ အားဘတ်စ်ရဲ့ ကြားဝင်စေ့စပ်ရေး ကိုယ်စားလှယ် ဆာအီ အယ်ရာကက် ကတော့ ''အခုဆိုရင် ကျွန်တော်တို့ဟာ အမေရိကန် အစိုးရရယ် အာရပ်မဟာမိတ်တွေနဲ့ အတူ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်သမျှအရာအားလုံးကို ကြိုစား ဆောင်ရွက်နေပါတယ်။ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြန်ဖြစ်ဖို့ ဆိုတာ ကတော့ အစ္စရေးဝန်ကြီးချုပ်အပေါ်မှာသာ မူတည်နေပါတယ်'' လို့ ပြောကြားသွားပါတယ်။

မစ္စတာအားဘတ်စ် အနေနဲ့ ရှေ့အပတ်မှာ အာရပ်နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ စီစဉ် ထားတဲ့ကိစ္စ ပြီးဆုံးမှသာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာမယ့်ပုံ ပေါ်တယ်လို့ သတင်း ထောက်တွေက ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပက ကြားဝင်စေ့စပ်သူတွေကတော့ အပေးအယူလုပ်ကြဖို့ ၂ ဖက်စလုံး ကို ကြိုးစား ဖြောင်းဖျနေပါတယ်။