မတရားတဲ့ စစ်အစိုးရကို တသံတည်းဆန့်ကျင်

  • 4 အောက်တိုဘာ 2010

အာဆမ် ASEM ဥရောပ-အာရှ ထိပ်သီး အစည်းအဝေးနဲ့ တိုက်ဆိုင်ပြီး ဗြိတိန်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ် နစ်ကလပ် က ''မြန်မာနိုင်ငံရဲ့ အတုအယောင် ရွေးကောက်ပွဲ'' ဆိုတဲ့ ခေါင်းစဉ်နဲ့ International Herald Tribune သတင်းစာထဲ ဆောင်ပါး ရေးသားတာမှာ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေး စနစ်ကို ခိုင်မာစေတဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ အစချီပြီး ဆောင်းပါးကို ရေးသား ထားပါတယ်။

Image caption ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့အတူ တွေ့ရတဲ့ ဒုတိယဝန်ကြီးချုပ် နစ်ကလပ်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မပေးသေးဘူး၊ တိုင်းရင်းသားတချို့ ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်ခံရတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းခဲ့တယ်၊ ဒီလို အခြေအနေတွေမှာ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူးလို့ သူက ရေးပါတယ်။

ဖွဲ့စည်းပုံဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတို့ရဲ့ မျှတမှု မရှိတာ၊ မီဒီယာလွတ်လပ်ခွင့်တွေ မရှိတဲ့ အခြေအနေ အောက်မှာ မဲတစ်မဲမှ မပေးသေးခင်မှာတောင် လက်ရှိ စစ်အစိုးရပဲ အသာစီးရမယ် ဆိုတာ ကြိုတင်ကောက်ချက်ချ နိုင်တယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ စီးပွားရေး စီမံမှုညံ့ဖျင်းတာ၊ တခါ အဂတိလိုက်စားမှုတွေကြောင့် သယံဇာတတွေ ရှိတဲ့ကြားက ပြည်သူတွေ ဆင်းရဲကြပ်တည်းမှုတွေ၊ ဖိနှိပ်ခံရမှုတွေ ကြုံနေရသလို ကလေး သေဆုံးမှုနှုန်းမှာလည်း အာရှမှာ အမြင့်ဆုံးဖြစ်တဲ့အကြောင်း သူက ထောက်ပြပါတယ်။

Image caption ဗြိတိသျှ ဒုတိယဝန်ကြီးချုပ် နစ်ကလပ်

ရွေးကောက်ပွဲရှိတာက မရှိတာထက် ကောင်းတယ်လို့ တချို့နိုင်ငံတွေက အလွယ်လေး ပြောကြပေမယ့် မြန်မာနိုင်ငံက ပကတိ ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို နိုင်ငံတကာက မျက်ကွယ် မပြုသင့်ဘူးလို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဒီအစည်းအဝေးတက်တဲ့ နိုင်ငံတွေအနေနဲ့ မြန်မာစစ်အစိုးရဟာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးလာအောင် ဖိအားပေး ဆောင်ရွက်ရမယ်၊ ဒီအစည်းအဝေးကနေ တသံတည်းထွက်လာအောင် ဗြိတိန်အစိုးရက တိုက်တွန်းမယ်လို့ မစ္စတာ ကလက်က ပြောပါတယ်။

ဗြိတိသျှ ဒုတိယဝန်ကြီးချုပ်ရဲ့ ဆောင်းပါးကတော့ အားရစရာ ကောင်းပါတယ်၊ ဗြိတိန်နိုင်ငံဘက်ကနေ မြန်မာ့အရေးအပေါ် ပြတ်ပြတ်သားသား လူသိရှင်ကြား ထုတ်ဖော် ပြောဆိုနေတာပါ။ ဒါပေမယ့် ဥရောပ သမဂ္ဂတစ်ခုလုံးက တစ်သံတည်းထွက်အောင် လုပ်နိုင်ဖို့ကတော့ စောင့်ကြည့်ရဦးမယ်လို့ မြန်မာ့အရေး လှုံ့ဆော် လှုပ်ရှားနေတဲ့ Burma Campaign UK က မစ္စတာ Mark Farmaner က ပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဥရောပထဲမှာ ဂျာမနီလို နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့က မြန်မာအပေါ် တင်းတင်းမာမာ ဆက်ဆံလိုစိတ် မရှိကြပါဘူး။ ဒါပေမယ့် မျှော်လင့် နိုင်တာကတော့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာအောင် ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံ ဆောင်ရွက်တာမျိုးတော့ ဖြစ်လာဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ မတ် ဖာမနာက ဆက်ပြောပါတယ်။

ဗြိတိသျှ ဒုတိယဝန်ကြီးချုပ်က မြန်မာအစိုးရအနေနဲ့ တိုးတက်မှုတွေ မလုပ်မချင်းတော့ ရွေးကောက်ပွဲပြီးသည့်တိုင် ဖိအားတွေကတော့ လျော့သွားမှာ မဟုတ်သလို ဥရောပဘက်က ပိတ်ဆို့ အရေးယူမှုတွေလည်း ရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဆောင်းပါးမှာ သတိပေး ပြောခဲ့ပါတယ်။