ငွေကြေးစစ် အန္တရာယ် IMF စိုးရိမ်

  • 8 အောက်တိုဘာ 2010
Ywan Dollar
Image caption ယွမ်ငွေဟာ ဒေါ်လာနဲ့ လဲလှယ်နှုန်းမှာ ရှိသင့်တာထက် နိမ့်နေတယ်လို့ IMF ကယူဆ

တရုတ်နဲ့ အမေရိကန်ကြားမှာ ငွေကြေး စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ် တကယ် ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေ အဖွဲ့ အကြီးအကဲ Dominique Strauss-Khan က သတိပေးလိုက်ပါတယ်။

ဒီလို စစ်ပွဲမျိုးကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းတွေကို IMF မှာ နည်းလမ်း ရှိတယ်လို့လည်း မစ္စတာ Strauss-Khan က ပြောပါတယ်။

တချို့ကလည်း စစ်ပွဲဆိုတဲ့ အသုံးအနှုံးက နည်းနည်း ပြင်းတယ်လို့ ပြောကြပေမဲ့ ခုကိစ္စမှာ နိုင်ငံတွေက ကိုယ့်ပိုက်ဆံကို လက်နက်သဖွယ် အသုံးပြုနေတာ တွေ့နေရတယ်။ ဒါဟာ ကမ္ဘာ့ စီးပွားရေးအတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူးလို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောသွားပါတယ်။

ခုလို နိုင်ငံတွေ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး၊ ကိုယ့်ပိုက်ဆံကိုယ် အပြိုင် တန်ဖိုးချနေတာဟာ ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်မှု ကျလာတာကို ပြနေတယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက တရုတ်ဟာ သူ့ပိုက်ဆံကို စျေးကွက်ပေါက်စျေး အတိုင်း မသတ်မှတ်ဘဲ တမင် နှိမ့်ထားတယ်လို့ စွပ်စွဲနေသလို မကြာသေးခင်ကလည်း ဂျပန်က သူ့ပိုက်ဆံကို တန်ဖိုး ချပစ်ခဲ့ပါတယ်။

တကယ်တော့ ကိုယ့်ပိုက်ဆံကိုယ် အပြိုင် တန်ဖိုးချမဲ့အစား တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာကို ကိုယ့်တနိုင်ငံထဲ ကွက်ပြီး မဖြေရှင်းကြဖို့ အရေးကြီးတယ်လို့ သူက ပြောသွားပါတယ်။

ဒီတော့ တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ပြဿနာလို့ သူပြောသွားတာ ဘာကို ဆိုလိုတာပါလဲ။

ကမ္ဘာ့ စီးပွားရေးကို ပြန်ပြီး ထိန်းညှိဖို့၊ rebalance လုပ်ဖို့လို့ မစ္စတာ Strauss-Khan ကပြောပါတယ်။

ခုချိန်ထိ တရုတ်က ပို့ကုန်ကို တောက်လျှောက် မှီခိုလာနေပြီး၊ အနောက်နိုင်ငံ အများစုက တရုတ်ပို့တာကို ဒိုင်ခံ သုံးနေရတဲ့ အနေအထားမှာ ရှိပါတယ်။

ဒီဖြစ်စဉ်ကို ပြန်ထိန်းညှိရမှာ ဖြစ်ပြီး တရုတ်က သူ့ပိုက်ဆံကို စျေးကွက်ပေါက်စျေးအတိုင်း တက်ခွင့်ပေးလိုက်ရင် တရုတ်က ပို့ကုန် အားကျလာပြီး အမေရိကန်လို့ အနောက်နိုင်ငံတွေက တရုတ်ကို ပစ္စည်း ပြန်ပို့လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဒီလို rebalance ပြန်လုပ်ဖို့က ငွေကြေး တန်ဖိုးတွေ ပြန်ပြင်မှ ရလိမ့်မယ်လို့ မစ္စတာ Struass-Khan က ပြောပါတယ်။

တရုတ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ သူ့ပိုက်ဆံကို တန်ဖိုး အနည်းငယ် မြှင့်ခဲ့ပါတယ်။

အနာဂတ်မှာ တရုတ်ဟာ ပို့ကုန်ကို အဓိက အားထားတဲ့ ဖွံ့ဖြိုးမှု ပုံစံကနေ ပြည်တွင်း သုံးစွဲမှုကို ပိုဇောင်းပေးလာတဲ့ ဖွံ့ဖြိုးမှု ပုံစံကို သွားမှာကို အကဲခပ်တွေက သံသယ မရှိကြပေမဲ့ သူတို့ အမြင်မှာ တရုတ် သွားနေတဲ့နှုန်းဟာ နှေးတယ်၊ ဒိထက်မက မြန်မြန် သွားနိုင်တယ်၊ သွားသင့်တယ်လို့ ယူဆနေကြပါတယ်။