နိုဘယ် ငြိမ်းချမ်းရေးဆု လျူရှောင်ဘိုရရှိ

  • 8 အောက်တိုဘာ 2010

၂၀၁၀ ခုနှစ် အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုကို အကျဉ်းကျနေတဲ့ တရုတ် နိုင်ငံရေး လှုပ်ရှားသူ လူရှောင်ဘို ဆွတ်ခူးသွားပါတယ်။

Image caption လွန်ခဲ့တဲ့ နှစ်နှစ်က တွေရတဲ့ လူ့အခွင့် အရေး လှုပ် ရှား သူ လျူရှောင်ဘို

ဆုရရှိသူကို နော်ဝေ နိုင်ငံမှာ ကြေငြာခဲ့ ရာမှာ နိုဘယ် ကော်မီတီ ဥက္ကဌ က လျူရှောင်ဘိုဟာ တရုတ် နိုင်ငံမှာ အခြေခံ လူ့ အခွင့် အရေး တွေရရှိဖို့ အတွက် အကြမ်း မဖက်တဲ့ နည်းနဲ့ နှစ်ရှည်လများ လှုပ်ရှား ဆောင်ရွက်မှု တွေ လုပ်ဆောင်ခဲ့လို့ သူ့ကို ရွေးချယ် ခဲ့တာလို့ ပြောပါတယ်။

ဒါကြောင့် သူဟာ လူ့ အခွင့် အရေး တိုက်ပွဲ အတွက် အထင်ရှားဆုံး ပြယုဂ် ဖြစ်ခဲ့တယ်လို့ လည်း နိုဘယ်ဆု ရွေးချယ် ရေး ကော်မီတီက ပြောပါတယ်။

တရုတ် အစိုးရက တော့ လျူရှောင်ဘို ကို ပြစ်မှု ကျူးလွန်သူ တစ်ယောက် အဖြစ် ဖော်ပြပြီး၊ အခု သူ့ကို ဆုပေးခြင်းဟာ နိုဘယ်ဆု ပေးရေး စည်းကမ်း တွေကို ချိုး ဖောက် တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ် နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ တောင်းဆိုတဲ့ စာရွက်စာတမ်းတွေ ထုတ်ဝေခဲ့ ပြီးတဲ့ နောက် အဖျက်အမှောင့် လုပ်ဆောင်မှု စွဲချက် တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာက စပြီး လျူရှောင်ဘိုဟာ (၁၁) နှစ် ကြာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

လျူရှောင်ဘိုရဲ့ နိုင်ငံရေး လှုပ်ရှားမှုများ

(၁၉၈၉) ခုနှစ် တီယန်နန်မင် ရင်ပြင်မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တရုတ်အစိုးရကို ဝေဖန် ပြောဆိုခဲ့သူ လျူ ရှောင်ဘိုဟာ အရင်ကလည်း အကြိမ်ကြိမ် အဖမ်း ခံခဲ့ရဖူးပါတယ်။

သူဟာ (၁၉၈၉) ခုနှစ်တုန်းက အမေရိကန် နိုင်ငံ ကနေ တရုတ် ပြည်ကို ပြန်လာပြီး တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲမှာ ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် သူ အဖမ်း မခံရခင် ကလေးမှာပဲ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လျူ ရှောင်ဘို က သူ အဖမ်း ခံရလိုက်၊ ပြန်လွတ်လာလိုက်၊ ပြန်အဖမ်းခံရလိုက်နဲ့ အကြိမ်ပေါင်း မနည်းတော့ ပေမဲ့ တိုင်းပြည်ကို ကယ်ဆယ်ဖို့က လွဲလို့ ဘာမှ ကြီးကျယ်တဲ့ အိမ်မက်မျိုး မထားဘဲ ရိုးသားပြီး ဂုဏ်သိက္ခာ ရှိတဲ့ စာရေးဆရာ တဦးသာ ဖြစ်လို ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

လျူရှောင်ဘို ကို နိုဘယ်ဆု မပေးဖို့ တရုတ် အစိုးရက အစောပိုင်းက သတိပေးခဲ့တယ်လို့ ဘေဂျင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ နိုဘယ် ကော်မီတီကတော့ သူတို့ဟာ နော်ဝေး အစိုးရနဲ့ မသက်ဆိုင်တဲ့ သီးခြား ကော်မီတီ အဖွဲ့ ဖြစ်ပြီး ဘယ်သူ့ရဲ့ ဖိအားပေးမှုမျိုးမှ သူတို့မှာ မရှိဘူးလို့ ဆိုပါတယ်။

ဒီနှစ် နိုဘယ်ဆုနဲ့ လွဲသွားခဲ့တဲ့ ဒီဗွီဘီရဲ့ ဂုဏ်ပြုစကား

နိုဘယ်ဆု ရဖို့ နောက်ထပ် တစ်ပြေး ခဲ့တဲ့ နော်ဝေ နိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံ ကတော့ ဒီနှစ် မှာ နိုဘယ်ဆုနဲ့ လွဲသွားခဲ့ရ ပါတယ်။

ဒီဗွီဘီ ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး လှုပ်ရှား နေသူတွေ လိုပဲ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တဦး ဖြစ်တဲ့ လျူ ရှောင်ဘို အခုလို နိုဘယ် ငြိမ်းချမ်းရေးဆု ရသွားတာကို ဝမ်းသာ မိတဲ့ အကြောင်းနဲ့ နိုဘယ်ဆု ရတာ မရတာထက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ မီဒီယာ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုခံရတဲ့ အတွက် အလွန်ကို ဂုဏ်ယူ မိပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီဗွီဘီ ဟာ သတင်း အမှောင် ချခံထားရတဲ့ မြန်မာပြည်က သောတရှင် ပြည်သူတွေအတွက် ရေဒီယို လှိုင်းတို နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို လွှင့်ထုတ် ပေးနေတဲ့ ဌာန ဖြစ်ပါတယ်။