မိုင်းလုပ်သားတွေဆီ အရောက် တွင်းပေါက်ပြီ

  • 9 အောက်တိုဘာ 2010
Image caption ဟွန်းတွေ တီးလိုက်ချိန်မှာတော့ မိသားစုတွေ ထခုန်ပြီး တဦးကိုတဦး ပြေးဖက်ခဲ့ကြ

ချီလီနိင်ငံ မိုင်တွင်းတခုအောက်မှာ ၂ လ ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ဦးကို ကယ်ထုတ်ဖို့ တွင်းတူးနေရာ သူတို့ဆီ အရောက် တွင်းပေါက်အောင် အင်ဂျင်နီယာ တွေက တူးနိုင်ခဲ့ပါပြီ။

မိုင်းတွင်းမှာ အင်ဂျင်နီယာတွေ ပျော်ရွှင်နေကြ တာကို မြင်တွေ့နေရပြီး၊ တွင်းပေါက်သွားတဲ့ အချိန်မှာ မိုင်းလုပ်သား မိသားစုတွေသိရအောင် ဟွန်းတွေကို တီးလိုက်ချိန်မှာတော့ မိသားစုတွေ ဟာ ထခုန်ခဲ့ပြီး တဦးကိုတဦး ပြေးဖက်ခဲ့ကြပါတယ်။

အခုလို စက်ယန္တရားတွေနဲ့ မိုင်းလုပ်သားတွေဆီအရောက် တွင်းပေါက်အောင် တူးနိုင်ခဲ့တဲ့ အပေါ် ချီလီမိုင်းဝန်ကြီးက ချီးကျူးစကားပြောကြားလိုက်ပါတယ်။

''ဒီကနေ့မနက် ၈နာရီ ၅ မိနစ်အချိန်မှာ ၂၆ လက္မ အကျယ်ရှိတဲ့တွင်းကို မိုင်းလုပ်သားတွေဆီ အရောက် တူးနိုင်ခဲ့ပါပြီ။ တူးဖေါ်ရေး လုပ်ကိုင်ခဲ့ သူတွေအားလုံး ကျွန်တော်တို့နဲ့အတူ ရှိနေပါ တယ်။ သူတို့ဟာ တကယ့်ကို ယုံကြည်ကိုးစား ထိုက်သူတွေပါလို့'' မိုင်းဝန်ကြီးက ပြောကြား သွားပါတယ်။

အခုအချိန်မှာတော့ မိုင်းလုပ်သားတွေကို တဦးချင်း ဆွဲတင်ဖို့ မလုပ်ဆောင်ခင် တွင်းနံရံတလျှောက်ကို သတ္တုပြွန်နဲ့ ကာဖို့ လိုမလို ဆိုတာကို အင်ဂျင်နီယာတွေက စဉ်းစား ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။

ဒီကြေးနီနဲ့ ရွှေတူးတဲ့မိုင်းမှာ မိုင်းလုပ်သားတွေဟာ မြေအောက်မီတာ ၇၀၀ မှာ သြဂုတ်လ အစောပိုင်းကစလို့ ပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။