နိုဘလ်ဆုရှင်ကို လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

  • 9 အောက်တိုဘာ 2010
Image caption ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ထောင်ဒဏ် ၁၁ နှစ် ကျခံ နေရတာဖြစ်ပါတယ်

ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိသွားတဲ့ တရုတ်နိုင်ငံက အကျဉ်းကျခံ လူ့အခွင့် အရေး လှုပ်ရှားဆောင်ရွက်သူ လျူရှောင်ဘိုကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို လိုက်ပါတယ်။

အခုလို မစ္စတာလျူကို ထောင်သွင်းအကျဉ်းချ ထားတာဟာ တရုတ်နိုင်ငံမှာ စီးပွားရေး တိုးတက်မှု ရှိပေမယ့် နိုင်ငံရေးအရ တိုးတက် ပြောင်းလဲမှု မရှိတာကို ပြဆိုနေတယ်လို့ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ပြောကြားပါတယ်။

ဥရောပကော်မရှင်နာမင်းကြီး ဟိုဆေး မန်နျူရယ် ဘာရိုဆိုက အခုလို မစ္စတာလျူကို ငြိမ်းချမ်းရေးနိုင်ဘယ်ဆု ချီးမြှင့်လိုက်တာဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတို့အတွက် ကမ္ဘာနိုင်ငံအသီးသီးမှာ တိုက်ပွဲဝင်နေသူတွေကို ထောက်ခံတဲ့ဆိုတဲ့ ထိရောက်တဲ့ သတင်းစကား ဖြစ်တယ်လို့ ပြောပါတယ်။

အဝေးရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကလည်း တရုတ်နိုင်ငံမှာ နိုင်ငံရေးနဲ့ အခြေခံဥပဒေရေးရ တွန်းအား၌ပေး ပြောင်းလဲမှုတွေ လုပ်ဖို့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို မစ္စလျူကို ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက ဒေါသ တကြီးတုံ့ပြန်ခဲ့ပြီး၊ သူဟာ ရာဇဝတ်သားတယောက်သာ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

နောက်ပြီး ဘေဂျင်းမှာရှိတဲ့ နော်ဝေသံအမတ်ကို ဆင့်ခေါ်က နော်ဝေ နိုဘလ်ဆုရွေးချယ်ရေး ကော်မတီက အ ခုလို ဆုပေးတဲ့အပေါ် ကန့်ကွက်ကြောင်း ပြောပါတယ်။

နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက လျူရှောင်ဘိုကို ငြိမ်းချမ်းရေး ဆုပေးလိုက်တာဟာ နိုဘယ်ဆု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်လို့ တရုတ် စီစီတီဗီဌာနကလည်း ကြေညာပြောဆိုသွားတာပါ။

မစ္စတာလျူးဟာ နိုင်ငံရေးပြုပြင်ပြောင်းရေးတောင်းဆိုထားတဲ့ ကြေညာစာတမ်းတစောင်ကို ထုတ်ဝေခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ လျူဟာ စာရေးဆရာတယောက် ဖြစ်သလို ပညာရှင်တဦးလည်း ဖြစ်ပါတယ်။

သူဟာ (၁၉၈၉) ခုနှစ် တီယန်နန်မင် ရင်ပြင် ဆန္ဒပြမှုမှာ ပါဝင်ခဲ့ရာကနေ ပထမဆုံး အနေနဲ့ သူ့ကို လူသိများလာခဲ့တာ ဖြစ်ပါတယ်။