အမေရိကန် ဗုံးကြောင့် ဗြိတိသျှ NGO ဝန်ထမ်း သေရတာ ဖြစ်နိုင်

  • 12 အောက်တိုဘာ 2010
Image caption ဗုံးဒဏ်ကြောင့် သေဆုံးသွားတဲ့ Linda Norgrove

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အာဖဂန်နစ္စတန်မှာ ပြန်ပေးဆွဲခံထားရတဲ့ လူမှုကူညီရေး ဝန်ထမ်း ဗြိတိသျှအမျိုးသမီး Linda Norgrove ကို ကယ်ဆယ်ဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့ရတဲ့အတွက် ဝမ်းနည်းပါကြောင်း သမ္မတ အိုဘားမားက ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ဆီကို ဖုန်းဆက် ပြောကြားခဲ့ပါတယ်။

အဖမ်းခံနေရတဲ့ အဲဒီအမျိုးသမီးကို သွားကယ်ဖို့ ကြိုးစားတာဟာ လုပ်သင့်တဲ့ ကိစ္စတခု အဖြစ် မစ္စတာ အိုဘားမားနဲ့ မစ္စတာ ကင်မရွန်တို့ နှစ်ယောက်လုံးက သဘောတူ ခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စ နော်ဂရုဗ် သေဆုံးရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အာဖဂန်နစ္စတန်က နေတိုးအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယက်စ်က အမိန့်ပေးထားပါတယ်။

သွားကယ်တဲ့အဖွဲ့ထဲမှာ ပါတဲ့သူတွေကို စုံစမ်း မေးမြန်းနေပြီး အခင်း ဖြစ်ပွားတဲ့အချိန်မှာ မှတ်တမ်း ယူထားတဲ့ ဗီဒီယို ပြကွက်တွေကိုလည်း စစ်ဆေး ကြည့်ရှု နေပါတယ်လို့ ဒုဗိုလ်မှူးကြီး ဒိုရီယမ်က ဆိုသွားတာပါ။

ဒီအမျိုးသမီးကို ကယ်ဖို့ကြိုးစားရာမှာ အမေရိကန် တပ်သားတွေဖက်က ပစ်လိုက်တဲ့ ဗုံး ထိမှန်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ အမေရိကန် စစ်တပ်က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

စောစောပိုင်းတုန်းကတော့ ဖမ်းထားသူတွေ ပစ်တဲ့ဗုံးကြောင့် မစ္စနော်ဂရုသ် သေရတာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။