မိုင်းလုပ်သား အတော်များများ မြေပေါ် ရောက်ပြီ

  • 13 အောက်တိုဘာ 2010

ချီလီနိုင်ငံ မြောက်ပိုင်း ဆန်ဟိုဆေး မြေအောက် မိုင်းတွင်းထဲ နှစ်လကျော်ကြာ ပိတ်မိနေခဲ့တဲ့ မိုင်းလုပ်သား တွေကို တစ်ယောက်ချင်း စတင် ကယ်ထုတ် နေရာမှာ အခု ဆိုရင် ၁၇ ယောက် ကို မြေပေါ် ကယ်ထုတ် လာနိုင်ခဲ့ပါပြီ။

Image caption မိုင်းလုပ်သား တစ်ယောက်ပြီး တစ်ယောက် ကို ကယ် ထုတ်နိုင်

စတင် ကယ်တင် ခဲ့ချိန်က စပြီး အခု အချိန် အထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ချောချော မွေ့မွေ့ လုပ်ဆောင်နိုင် နေပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းကြီး တစ်ခုလုံး ပြီးဖို့ ကတော့ စုစုပေါင်း ၄၈ နာရီ လောက်ကြာ နိုင်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် နေရောင်ချည် ပျိုးချိန် ရောက်တော့ ရှစ်ယောက်မြောက် မိုင်းလုပ်သား မြေပြင်ပေါ် ရောက်လာနိုင်ခဲ့ပါတယ်။

ထွက်လာ သမျှ မိုင်းလုပ်သားတွေကို မိသားစု တွေက ပွေ့ဖက် ပြီး ကြိုခဲ့ကြ ပါတယ်။

ပထမဆုံး မြေပေါ် ရောက်လာသူ

မိုင်းတွင်း ထဲကနေ ပထမဆုံး မြေပေါ်ကို ကယ်ထုတ် လာခဲ့သူ က Florencio Avalos ဆိုသူ ဖြစ်ပါတယ်။

Image caption မြေပြင်ကို ပထမဆုံး ရောက်လာသူ ကို ဝမ်းပန်း တသာ ဆီးကြို ကြ

ချီလီ ဒေသ စံတော်ချိန် အင်္ဂါ နေ့ည သန်းခေါင်ကျော် ပြီး ၁၀ မိနစ်မှာ ပထမဆုံး ကယ်ထုတ်လာသူ သူ့ကို မိသားစုတွေက မျက်ရည် အပြုံး တွေနဲ့ ဝမ်းသာ အားရ ဆီးကြို ခဲ့ကြ သလို ချီလီ သမ္မတ ဆက်ဘက်စတီယန် ပင်ညဲရား ကလည်း အပြုံးတွေနဲ့ ကြိုဆို နှုတ်ဆက်ခဲ့ ပါတယ်။

ဒုတိယမြောက် ကယ်တင်ခံရသူ ကတော့ Mario Sepulveda ပါ။ ပထမဆုံး သူပြောခဲ့တဲ့ စကားကတော့ သူ့ အနေနဲ့ ကယ်ဆယ်ဖို့ ကြိုးပမ်းမှုမှာ ပါဝင်တဲ့ ကျွမ်းကျင်သူ အားလုံးကို ယုံကြည်ခဲ့တဲ့ အကြောင်းနဲ့ သူ့ကို လာကယ်မယ် ဆိုတာ သိနေခဲ့တဲ့ အကြောင်း ဖြစ်ပါတယ်။

ဒါ့အပြင် သူက ဘုရား သခင်ကို ယုံကြည်သူ ဖြစ်တဲ့ အတွက် ဘုရားသခင်က စောင့်ရှာက်ခဲ့တာ ဖြစ်တယ်၊ သူ သိပ်ကံကောင်းတယ်၊ ဘယ်လို လူမျိုးကမှ ဒီ အတွေ့ အကြုံ ကို ဖြတ်သန်းချင် ကြမှာ မဟုတ်ဘူး၊ သူ့ အနေနဲ့ အလွန် ကို ခက်ခဲတဲ့ အခြေအနေကို တင်းခံ ခဲ့ရတယ် အခုတော့ သိပ်ပျော်တယ်လို့ သူက ပြောပါတယ်။

လောလောဆယ် အချိန်အထိ ကယ်ထုတ်လာခဲ့ပြီးသူတွေမှာ ကျန်းမာရေး ပြဿနာ အကြီးအကျယ် မရှိဘူးလို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ သူတို့ကို ကျန်းမာရေး ဆေး စစ်ဖို့ အတွက် အနီးအနား Copiapo မြို့က ဆေးရုံဆီ ရဟတ်ယာဉ် တွေနဲ့ ခေါ်ဆောင် သွားခဲ့ကြ ပါတယ်။

ကယ်ဆယ်ပုံမြင်ကွင်း

နှစ်ပေကျော် ကျယ်တဲ့ မြေတွင်းပေါက်ရဲ့ အဝ သံပိုက်လုံးဘေးမှာ ကယ်ဆယ်ရေး လုပ်သားတွေ ဝိုင်းအုံ နေကြ ပါတယ်။

Image caption စိတ်လှုပ်ရှားစွာ စောင့်နေ ကြတဲ့ မိသားစုများ

အဲဒီသူတွေနဲ့ အတူ အပြာရောင် ဝတ်စုံ ဝတ်ထားပြီး ဟဲလ်မက် သံခမောက် ငယ်လေး ဆောင်းထားတဲ့ ဆယ်နှစ် ဝန်းကျင် သမီးငယ်လေး တစ်ယောက် လည်း ပါပါတယ်။ တွင်းဝ မလှမ်း မကမ်းကနေ စိတ်အား ထက်သန်မှု အပြည့်နဲ့ စောင့်ကြည့်နေတာပါ။

သံပိုက်လုံး တပ်ထားတဲ့ တွင်းဝရဲ့ အလယ်မှာတော့ ကျပ်လုံးလောက် ရှိမယ့် သံချောင်း တစ်ခေျာင်း တွဲလောင်းကျ နေပါတယ်။ အဲဒီ သံချောင်းဟာ မြေအောက် မီတာ ၇၀၀ အနက်မှာ ရှိတဲ့ အမှောင် ကမ္ဘာထဲက မိုင်းလုပ်သား ၃၃ ယောက်ကို ကယ်ထုတ်မယ့် သံကြိုးပါ။

သံကြိုးကို စက်နဲ့ ဆွဲတင်လိုက်တဲ့ အတွက် တဖြေးဖြေး အပေါ်ကို တက်လာပါတယ်။ သိပ်မကြာခင်မှာ သံဇကာ အိမ်ငယ်ရဲ့ ထိပ်ပိုင်း ဟာ သံပိုက်လုံးဝ ကနေ ထွက်ပေါ် လာပါတယ်။ တချိန်တည်းမှာ ကလေးမလေးရဲ့ ပါးစပ်လည်း ဟသွား ပြီးတဲ့ နောက် ထိပ်ဝ ဆေးဖြူသုတ်ထားတဲ့ အပိုင်း မြေကြီးပေါ် ထွက်လာပါပြီ။

ဆေးဖြူပေါ်မှာတော့ ဂရိ ဒဏ္ဍာရီထဲက သေရွာပြန် မီးငှက်ရဲ့ နာမည်ဖြစ်တဲ့ ဖီးနစ်ခ်စ် ဆိုတဲ့ စာလုံး ရေးထား ပါတယ်။

အဲဒီနောက် အပြာရောင် သံဇကာကွက် ထွက်ပေါ်လာပါတယ်။ သံဇကာကွက်ထဲမှာတော့ လူတစ်ယောက် မတ်တတ်ရပ်လိုက်ပါ လာပါတယ်။ အလင်းရောင် ဒဏ် ခံနိုင်အောင် မျက်မှန် အနက် တပ်ထားတဲ့ အဲဒီလူဟာ ကျန်းမာ သန်စွမ်းတဲ့ ပုံစံ အပြည့်နဲ့ပါ။

ကယ်ဆယ်ရေး လုပ်သားတွေဟာ အဲဒီ သံဇကာတပ် လှောင်အိမ်နားတိုးသွားကြ ချိန်မှာ ဆယ်နှစ်အရွယ် သမီးငယ်လေးက ရုတ်တရက် ငိုချလိုက်ပါတယ်။ ကလေးငယ်နဲ့ အတူ မိသားစုတွေကလည်း ငိုကြပါတယ်။ ဒီ အငိုတွေ မျက်ရည်တွေကတော့ ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည် တွေပါ။

မြေအောက်က မိုင်းလုပ်သား တွေထဲ ဘယ်သူတွေပါသလဲ

မိုင်းလုပ်သားတွေ အုပ်စုထဲမှာ နိုင်ငံခြားသား ဆိုလို့ ဘိုလစ်ဗီးယား လူမျိုး Carlos Mamani ပဲ ပါပါတယ်။ အငယ်ဆုံး မိုင်းလုပ်သားက ၁၉ နှစ် အရွယ် Jimmy Sanchez ဆိုသူ ဖြစ်ပြီး အသက်အကြီးဆုံးက ၆၃ နှစ် အရွယ် Mario Gomez ဖြစ်ပါတယ်။ Jose Ojeda ဆိုသူကတော့ ဆီးချိုရောဂါ ရှိသူ ဖြစ်ပါတယ်။ အခုတော့ အဲဒီ သုံးယောက်လုံးလည်း မြေပြင်ပေါ် ရောက်လာပါပြီ။

နောက်ဆုံးမှ မြေပြင်ပေါ်ကို ကယ်ထုတ်ခံရမယ့်သူကတော့ ငါးဆယ့်လေးနှစ် အရွယ် ကြီးကြပ်ရေးမှူး Luis Urzua ပဲ ဖြစ်ပါတယ်။ မြေအောက်မိုင်း ပြိုကျမှု အောက် မှာ ပြင်ပနဲ့ အဆက်အသွယ် မရဘဲ နေခဲ့ကြရတဲ့ ပထမ ၁၇ ရက် အတွင်း မိုင်းသားတွေ အားလုံး အသက် ရှင်သန်ရေး အတွက် သူ့ရဲ့ ခေါင်းဆောင် နိုင်မှု အရည် အချင်း ကို လေးစား စရာ မြင်တွေ့ ခဲ့ကြရ ပါတယ်။