ချီလီမိုင်း လုပ်သားတွေရဲ့ ရှေ့ခရီး

  • 15 အောက်တိုဘာ 2010

ရက်ပေါင်း ၇၀ နီးပါး မြေအောက်မှာ ပိတ်မိနေကြပြီးမှ ကယ်ထုတ်ခံခဲ့ရတဲ့ ချီလီက မိုင်းလုပ်သားတွေ အခုဆို တစ်သုတ်ပြီး တစ်သုတ် အိမ်ပြန်နေကြပါပြီ။

Image caption မိုင်းတွင်းထဲ ပြန်ဆင်းစရာ မလိုတော့မယ့် မိုင်းလုပ်သားတွေ

အားလုံးကတော့ ကျန်းမာရေး ဆိုးဆိုးဝါးဝါး မရှိကြပါဘူး၊ သူတို့တွေ အိမ်ပြန်ရောက်ရင်လည်း အခုတပ်ထားတဲ့ မျက်စေ့အတွက် နေကာမျက်မှန်တွေ ဆက်တပ်ထားကြရဦးမယ်၊ ဆရာဝန်တွေ ကလဲ ဆက်ပြီး သူတို့ ကျန်းမာရေးကို စောင့်ကြည့်သွားကြဦးမယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာက ဒီ သတ္တုမိုင်းလုပ်သားတွေ ရှေ့ခရီးပါ၊ သူတို့ ဘာလုပ်ကြမလဲ၊ မိုင်းတွင်းတွေမှာ ဆက်အလုပ်လုပ်ကြမှာလား၊ လုပ်စရာကော လိုသေးလားဆိုတဲ့ မေးခွန်းတွေလဲ ရှိနေပါတယ်။ အများစုကတော့ သူတို့ ဘာတွေ လုပ်မယ်ဆိုတာ မပြောကြသေးပါဘူး၊ ဒါပေမယ့် သူတို့ဟာ အခုဆို ကမ္ဘာသိ ထင်ရှားသူ celebrity တွေ ဖြစ်နေကြပါပြီ။

သူတို့ဆီကို လက်ဆောင်တွေ အလုပ်ကမ်းလှမ်းချက်တွေလဲ ဝင်လာမစဲ တသဲသဲပါ၊ ဂရိမှာ အပန်းဖြေခရီး လာကြပါလို့ ကမ်းလှမ်းတာ ရှိသလို၊ နောက်ဆုံးပေါ် အိုင်ပက်ဒ်တွေလဲ ပို့လာကြပါတယ်။

မန်ယူနဲ့ ရီးယဲလ်မက်ဒရစ် ဘောလုံးကလပ်တွေကလဲ ဒီလူ ၃၃ ယောက် ပွဲလာကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။

မြေအောက်မှာတုန်းက အဲလ်ဗစ် ပရက်စလေသီချင်းတွေဆိုပြီး အားမွေးနေခဲ့တဲ့ မိုင်းလုပ်သား အက်ဒီဆင် ပီနာကိုတော့ ပရက်စလေရဲ့ ဂရေ့စ်လဲန်း အိမ်ကြီးဆီ လာလည်ဖို့ ဖိတ်စာ ရထားပါပြီ၊

ဘီယာကအစ ဗိုက်တာမင် အားဆေးတွေ အထိ ကုန်ပစ္စည်း ကြော်ငြာပေးဖို့လဲ ကုမ္ပဏီတွေက သူတို့ကို ကမ်းလှမ်းထားပါတယ်။

ချီလီက လုပ်ငန်းရှင် တစ်ယောက်ကတော့ တစ်ယောက်ကို ဒေါ်လာ တစ်သောင်းပေးမယ်လို့ ကတိပေး ထားပါတယ်။

ဒီထက်ပိုတာ ကတော့ သူတို့ရဲ့ အတွေ့အကြုံတွေကို အင်တာဗျုးပေး၊ စာအုပ်ရေး၊ ရုပ်ရှင် ရိုက်ဖို့ ဒေါ်လာသန်းချီတဲ့ ကမ်းလှမ်းချက်တွေကလည်း ရောက်လာမှာ အသေအချာမို့ ဒီ မိုင်းလုပ်သားတွေ မြေအောက်ပြန်ဆင်းဖို့ကတော့ သူတို့ မလုပ်ချင်ရင် လုပ်စရာ မလိုတော့တဲ့ အခြေအနေရောက်နေပါပြီလို့ ပြောရမှာပါ။