တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ စပြီ

  • 15 အောက်တိုဘာ 2010

တရုတ်ကွန်မြူနစ်ပါတီရဲ့ ညီလာခံကို အောက်တိုဘာလ ၁၅ ရက်က ၁၈ ရက်နေ့အထိ ဘေဂျင်းမှာ ကျင်းပနေပြီဖြစ်ပါတယ်။

Image caption အပြောင်းအလဲကို လိုလားသူလို့ ယူဆနိုင်တဲ့ ဝန်ကြီးချုပ် ဝမ်ဂျားပေါင်

အခု ညီလာခံမှာ ဘာတွေဆွေးနွေးမယ် ဆိုတာကတော့ ထုံးစံအတိုင်း အပြင်ကို မထုတ်ပြန်တဲ့အတွက် အတိအကျ မသိရပဲရှိပါတယ်။

ဒါပေမယ့် အတွင်းစကားတွေ အရတော့ အခု ဆွေးနွေးပွဲ ဟာ လာမယ့် ၅ နှစ် အတွက် စီးပွားရေး စီမံကိန်းကို ဆွေးနွေးကြမယ်လို့ ယေဘုယျသိရပါတယ်၊ အဲဒီမှာလည်း တရုတ်ရဲ့ စီးပွားရေး နောက်ထပ်တိုးဖို့ထက်စာရင် ပြည်တွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်လာတဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေကို ကိုင်တွယ်ဖို့ အစီစဉ်တွေကို အဓိက ဆွေးနွေးကြမှာပါ။

ဒါပေမယ့် အခု အစည်းအဝေးမှာပဲ လာမယ့် ၂၀၁၂ ခုနှစ်မှာ ပါတီခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင် ဘယ်သူဖြစ်လာမလဲဆိုတဲ့ ရာထူး အပြောင်းအလဲ တွေကိုလည်း စောင့်ကြည့်စရာ ရှိနေပါတယ်။

ဒုတိယသမ္မတ Xi Jinping နဲ့ ဒုတိယဝန်ကြီးချုပ် Li Keqing တို့ကို ပါတီတွင်း ရာထူးတိုးပေးပြီး ခေါင်းဆောင်နေရာတွေ အတွက် ပြင်ထားတာ တွေ့ရနိုင်ပါတယ်။

တခါ ဒီအစည်းအဝေး ကျင်းပချိန်ဟာ နိုင်ငံရေး အပြောင်းအလဲတွေ၊ ပါတီရဲ့ ချုပ်ကိုင်မှုတွေ လျော့ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်နေချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။

ဒီအပတ်ထဲမှာပဲ ကွန်မြူတစ်ပါတီ လူကြီး ၂၃ ယောက်က လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကန့်သတ်ထားတာ လျှော့ပေးဖို့ စာရေးပြီး ပါတီတွင်း ဝေခဲ့ပါတယ်၊ တရုတ်ရဲ့ ဆင်ဆာစနစ်ဟာ ရှက်စရာတောင်ကောင်းတယ်လို့ ဒီလူကြီးတွေက ဝေဖန်ပါတယ်၊

နောက်တခါ ဒီနှစ် နိုဗဲလ်ဆုကို ရသွားတဲ့ တရုတ်က ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘိုကို ပြန်လွှတ်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကလဲ အရှိန်ရလာ နေပါတယ်။

တခါ ဝန်ကြီးချုပ် ဝမ်ဂျားပေါင် ကိုယ်တိုင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဖို့ တောင်းဆိုတာတွေဟာ ရှောင်လို့မရဖြစ်လာနေပြီလို့ ပြောခဲ့ပါတယ်၊ နိုင်ငံရေး ပြုပြင်မှုတွေ မရှိပဲ စီးပွားရေး ပြောင်းလဲမှုက ရလာတဲ့ အောင်မြင်မှုတွေ ကို ဆက်ထိန်းနိုင်မှာ မဟုတ်ဘူးလို့ သူကိုယ်တိုင်က ပြောခဲ့တဲ့ အတွက် နိုင်ငံရေး အပိုင်း ဆွေးနွေး မှုတွေလဲ ဒီ ညီလာခံမှာ တွေ့ရနိုင်တယ်လို့ မှန်းကြပါတယ်၊

ဒါပေမယ့် တရုတ်အစိုးရ မီဒီယာတွေမှာ ဒီသတင်းတွေကို ဖော်ပြတာ မရှိတဲ့ အတွက် ပွင့်လင်းဖို့ လိုတယ်ဆိုတဲ့ တောင်းဆိုချက်တွေကို ထိပ်ပိုင်းက ဘယ်လောက် လက်ခံလိုက်လျောမလဲ ဆိုတာလဲ မေးစရာရှိနေပါတယ်။