ဂျာမနီမှာ ယဉ်ကျေးမှုစုံ ပုံစံ အလုပ်မဖြစ်

  • 17 အောက်တိုဘာ 2010
Merkel
Image caption အာဏာရ ပါတီ ညီလာခံမှာ ဝန်ကြီးချုပ် မာကဲ မိန့်ခွန်းပြောနေစဉ်

ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာကဲက ဂျာမနီရဲ့ ဘာသာ ယဉ်ကျေးမှု ပေါင်းစုံ နေထိုင်တဲ့ လူ့အဖွဲ့အစည်း ပုံစံဟာ လုံးဝ အောင်မြင်မှု မရခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။

လက်ရှိ အာဏာရ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီရဲ့ လူငယ် ညီလာခံမှာ အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။

မကြာခင်က အာဖဂန် နစ္စတန်မှာ အသေဖမ်းမိတဲ့ တာလီဘန်တွေထဲမှာ ဂျာမန် နိုင်ငံသားတွေလည်း ပါဝင်တာ တွေ့ရှိခဲ့ပြီးနောက် ဂျာမနီမှာ ပြည်ပက လာရောက် အခြေချ နေထိုင်သူတွေပေါ် သင်္ကာမကင်းမှုတွေ ပိုများလာခဲ့ပုံ ရတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အစ္စလာမ်ဟာလဲ ဂျာမနီရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့လဲ ဆိုလိုက်ပြီး ဂျာမနီကို ပြောင်းရွေ့ နေထိုင်လာကြသူတွေဟာ ဂျာမန် အဖွဲ့အစည်းထဲ ပိုဝင်ဆန့်နိုင်အောင် ဂျာမန်ဘာသာ စကားကိုလဲ ပိုမို လေ့လာသင်ကြားသင့်တယ်လို့ လဲပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ တပတ်က တူရကီဝန်ကြီးချုပ် ရီဆက် တေယစ်နဲ့ တွေ့ဆုံခဲ့အပြီး များသောအားဖြင့် ဂျာမနီကို ပြောင်းရွေ့လာပြီး နောက်မှာ ဒေသခံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ မကောင်းလှတဲ့ ဂျာမနီရောက်တူရကီ လူမျိုး ၂ သန်းခွဲကို ဒေသခံတွေနဲ့ ရောထွေးဆက်ဆံမှုတွေ ပိုကောင်းလာဖို့ ကြိုးပမ်းဖို့ ၂ ဘက်စလုံးက ပြောကြားခဲ့ပါတယ်။

လူထု သဘောထား စစ်တမ်းကောက်ယူမှုတွေမှာ နိုင်ငံခြားသားတွေပေါ် အမြင်မကြည်တဲ့ ပါတီ အဖွဲ့အစည်းတွေကို ထောက်ခံမှု ပိုကောင်းလာတာ ပြနေပြီး ဒီအတွက်ကြောင့် ဂျာမန် ဝန်ကြီးချုပ်က ခုလို ပြောဆိုလာတာ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက ပြောနေပါတယ်။