အမေရိကန် စီးပွားရေး ကျပ်တည်းနေဆဲ

  • 16 အောက်တိုဘာ 2010
Image caption ဗဟိုဘဏ်ကနေ ငွေထပ်ထည့်ပေးကောင်း ပေးရ လိမ့်မယ်လို့ အရိပ်အမြွက်ပြောကြား

အမေရိကန်ဟာ စီးပွားရေးဆိုင်ရာ အခက် အခဲတွေကို အကြီးအကျယ် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အမေရိကန်ဗဟိုဘဏ် ဥက္ကဌ ဖြစ်သူ ဘန် ဘာနန်ကီနဲ့ ဘဏ္ဍရေးဝန်ကြီး တင်ဂိုက်သ်နာတို့က သတိပေး ပြောကြား လိုက်ပါတယ်။

သူတို့ ၂ ဦးဟာ အမေရိကန် စီးပွားရေးကို စီမံခန့်ခွဲနေတဲ့ သြဇာ အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

အလုပ်လက်မဲ့ဦးရေ မြင့်မားမှုနဲ့ ငွေတန်ဖိုးကျဆင်းနေမှုတွေဟာ အကျပ်အတည်းတွေကို ဆက်လက်ပြီး ဖြစ်ပေါ်စေတယ်လို့ မစ္စတာ ဘာနန်ကီက ပြောပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးကို ကျားကန်ပေးနိုင်မယ့် အစီအစဉ်တွေလုပ်ဖို့ အရိပ်အယောင်တွေ ကို အမေရိကန် ဗဟိုဘဏ်ဥက္ကဌ ဘန် ဘာနန်ကီက ပြောလိုက်ပါတယ်။

ဘဏ္ဍရေးလုပ်ငန်းတွေကို ဝယ်ယူဖို့အတွက် ဗဟိုဘဏ်ကနေ ငွေတွေထပ်ပြီး စိုက်ထည့်ပေး ကောင်း ပေးရလိမ့်မယ်လို့ သူက အရိပ်အမြွက် ပြောကြားသွားပါတယ်။

ဘော်စတွန်မြို့မှာ ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ မစ္စတာ ဘာနန်ကီက အမေရိကန်ရဲ့စီးပွားရေး တိုးတက်မှုဟာ သူဖြစ်စေချင် သလောက် ဖြစ်မလာသေးဘူးဆိုတာကို အသိအမှတ်ပြုဝန်ခံပြောခဲ့ပါတယ်။

Image caption ဒေါ်လာနဲ့ ယူရို စျေးနှုန်းပြ ဇယား

အထူးသဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုမှာ တော်တော်လေးကို နှေးကွေးနေ တယ်လို့ ပြောပါတယ်။ ဒါကြောင့် နောက်ထပ် အရေးယူလုပ်ဆောင်မှုတွေ လိုမယ်လို့ ထင်ရတဲ့ အကြောင်း သူက ဆိုပါတယ်။

အခုဆိုရင် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကလည်း သုညကို ရောက်နေပြီဖြစ်လို့ ဗဟိုဘဏ် ကိုယ်တိုင်စျေးကွက်ထဲဆင်းပြီး ငွေကြေးဆိုင်ရာ ပစ္စည်းတွေကို ဝယ်ယူတာက အဓိက ရွေးချယ် စရာ ဖြစ်လိမ့်မယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။

ဒီလို လုပ်လိုက်ရင် စျေးကွက်ထဲမှာ ငွေပိုပေါ်လာမှာ ဖြစ်သလို ပုဂ္ဂလိကပိုင်းက အရောင်း အဝယ်တွေ ပိုဖြစ်လာမယ်၊ နောက်ပြီး စျေးကွက်ထဲမှာ ဖြစ်နေတဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။

အခုလို လုပ်တာက စီးပွားရေးဖွံ့ဖြိုးမှုကို တွန်းအားပေးဖို့ ဖြစ်ပေဖို့ အဲဒီလို လုပ်တာ အောင်မြင်နိုင်မှု ရှိမရှိဆိုတာလည်း ကံသေကံမ ပြောဖို့ခက်ပြီး စွန့်စားရမယ်ဆိုတာလည်း လက်ခံထားရမှာ ဖြစ်တယ်လို့ မစ္စတာ ဘာနန်ကီးက ပြောပါတယ်။

မစ္စတာ ဂိုက်သ်နာကတော့ ကမ္ဘာ့စီးပွားရေး နှေးကွေးနေတာကြောင့် အမျိုးသားစီးပွားရေး ထိခိုက်နေမှုကို ကုသဖို့အတွက် အချိန်အများကြီးကြာလိမ့်ဦးမယ်လို့ သတိပေးလိုက်ပါတယ်။