တရုတ်ဒုသမ္မတကို စစ်ရာထူးတိုးမြှင့်ခန့်အပ်

  • 18 အောက်တိုဘာ 2010
Xi Jinping
Image caption ၂၀၁၂ မှာ သမ္မတဖြစ်ဖို့ အလားအလာရှိသူ

တရုတ်နိုင်ငံက ဒုတိယ သမ္မတ ရှီ ဂျင်ပင်းကို ထိပ်ပိုင်းစစ်ရာထူးကို ပေးလိုက်ပြီး ဒီလိုရာထူးတိုးမြှင့် လိုက်တာဟာ လက်ရှိသမ္မတ ဟူဂျင်တောင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အနေအထား တွေ့ရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကနေ မစ္စတာ ရှီကို ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ရာထူးကို ပေးလိုက်ပြီး သမ္မတ ဟူဂျင်တောင်လည်း ဒီရာထူးနဲ့တာဝန်ကို သူသမ္မတ မဖြစ်ခင်မှာ ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတ အပြောင်းအလဲ လုပ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ရှီ ဂျင်ပင်းဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အကာအကွယ်ပေးပြောဆိုတတ်တဲ့သူ၊ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူတစ်ဦးအဖြစ် သိထားကြပါတယ်။

ရှီဂျင်ပင်း ဘယ်သူလဲ

ရှီ ဂျင်ပင်း အခုလို ထိပ်တန်းရာထူး ရာထူး ရသွားတာဟာ မိသားစု အဆက်အသွယ် ကောင်းတာရော၊ သူ့ရဲ့ ရည်မှန်းချက် ကြီးတာရောပါ ပါတယ်လို့ ဆိုရမှာပါ။

ဝါရင့် တော်လှန်ရေးသမားကြီးရဲ့ အကြီးဆုံးသားဖြစ်တဲ့ ရှီဂျင်ပင်းဟာ ဆင်းရဲတဲ့ ကျေးရွာလေးတခုမှာ ကွန်မြူနစ် ပါတီထဲ စဝင်ခဲ့တာပါ။

အနောက်နိုင်ငံတွေကို တရုတ်အစိုးရက တံခါးဖွင့် ဆက်ဆံလာပြီးတဲ့ နောက်ပိုင်းမှာ တရုတ်လူမျိုး အတော်များများဟာ ပြည်ပကို ထွက်ခွာသွားတာမျိုး ဒါမှမဟုတ် စီးပွားရေး လောကထဲ ခြေစုံပစ် ဝင်တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှီဂျင်ပင်းကတော့ ဟီဘေးပြည်နယ်မှာ ဒေသခံ ကွန်မြူနစ် ပါတီ အတွင်းရေးမှူးတဦးအနေနဲ့ပဲ ဆက်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် ဖူဂျန်းပြည်နယ်မှာ နောက်ထပ် ၁၇နှစ်ကြာ ကွန်မြူနစ်ပါတီအတွက် ဆက်အလုပ်လုပ်ပေးရင်းနဲ့ နိုင်ငံရေး ရာထူးတွေ တိုးမြင့် ရလာခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ပါတီနိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်တဲ့ ပေါလစ် ဗြူရို အဆင့်ထိ ရောက်လာခဲ့ပြီး နောက်နှစ်မှာပဲ ပေါလစ်ဗြူရိုရဲ့ ဒုတိယ ဥက္ကဌ ဖြစ်လာပါတယ်။