ဗြိတိန် အသုံးစားရိတ် အကြီးအကျယ် ဖြတ်တောက်

  • 20 အောက်တိုဘာ 2010
Osborne
Image caption နိုင်ငံ ဘတ်ဂျက် ဖြတ်တောက်မှု ကြေငြာနေတဲ့ ဝန်ကြီး Osborne

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး George Osborne က ဗြိတိန် ရဲ့ နိုင်ငံတော် အသုံး စရိတ် ဖြတ်တောက်မှု အစီအစဉ် တွေကို ကြေငြာခဲ့ ပြီး ဒါဟာ ဒုတိယ ကမ္ဘာစစ် ကြီး ပြီးဆုံးခဲ့တဲ့ နောက်ပိုင်း နိုင်ငံမှာ အများဆုံး ဖြစ်တဲ့ ဖြတ်တောက်မှု အစီအစဉ် ဖြစ် ပါတယ်။

ဗြိတိန် ညွန့်ပေါင်း အစိုးရ အနေနဲ့ လာမယ့် လေး နှစ်မှာ ဒေါ်လာ ၁၃၀ ဘီလျံ အထိ ချွေတာဖို့ အစီအစဉ် ရှိတယ် လို့ မစ္စတာ အော့စ် ဘောန်း က ပြောပါတယ်။

အစိုးရ ဌာန တွေ အနေနဲ့ သူတို့ ရဲ့ ဘတ်ဂျက်ငွေ လေးပုံ တစ်ပုံ လျော့သွား ကြမှာလည်း ဖြစ်ပါတယ်။

ဒီလို ဖြတ်တောက်မှု ကြောင့် လာမယ့် လေးနှစ် အတွင်း လူထု ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေထဲက လူပေါင်း ငါးသိန်း နီးပါး အလုပ် အကိုင် တွေ ဆုံးရှုံး ကြမယ် လို့ လည်း မစ္စတာ အော့စ် ဘောန်း က ပြောပါတယ်။

ဗြိတိန် နိုင်ငံရဲ့ ပညာရေး၊ လူမှု ဖူလုံရေး၊ သယ်ယူ ပို့ဆောင်ရေး နဲ့ ရဲ ဌာန စတဲ့ လူထု ဝန်ဆောင်မှု ကဏ္ဍ တွေမှာ လည်း ထိခိုက်မှု ရှိမှာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ဘတ်ဂျက် လိုငွေ ပြမှု ကလည်း တနှစ်ကို ဘီလျံ ၁၅၀ လောက်ရှိနေတဲ့ အတွက် အစိုးရ အသုံးစားရိတ် လျှော့ချ နိုင်ဖို့ အတွက် စဉ်းစားမှု တွေက နိုင်ငံ ဦးဆောင် တဲ့ အစိုးရ က စဉ်းစား လာရ ပါတယ်။

နိုင်ငံ တခုမှာ ဘတ်ဂျက် လိုငွေပြရင် အသုံးဖြတ်ချင်ဖြတ် ဒါမှမဟုတ် အခွန် တိုးကောက်တဲ့ နည်းလမ်း ၂ ခု သာရှိတဲ့ အကြောင်း နဲ့ တကယ်လို့ ဘတ်ဂျက် လိုငွေ တွေ များ နေမယ်ဆိုရင် နိုင်ငံ ကို ပြင်ပ က ရင်းနှီးမြှုပ်နှံ မှု တွေ မလာ တော့ မှာ၊ အကြွေး မယူနိုင် တော့မှာတွေ ဖြစ်လာ နိုင်တဲ့ အန္တရာယ် ရှိကြောင်း လန်ဒန်၊ Middlesex University က စီးပွားရေး ပညာရှင် ဒေါက်တာ မြင့်မိုးချစ် က ရှင်းပြပါတယ်။

ဒါပေမယ့် တဖက်မှာလည်း လူတွေ ချွေတာရတာ မသုံးနိုင် ဖြစ်တာ တွေကြောင့် အခု နာလန်ထူ စပြုရုံ ရှိသေးတဲ့ ဗြိတိန် စီးပွားရေး ထိခိုက် မယ် လို့ ဝေဘန်ကြတဲ့ ပညာရှင်တွေ လည်း ရှိနေ ကြောင်း သူ က ပြောပါတယ်။

အစိုးရ အသုံးစရိတ် တွေကို အကြီးအကျယ် လျှော့ချဖို့ လိုတယ် ဆိုတာကို အများ က လက်ခံကြ ပေမဲ့ အခု လျှော့ချမှုနှုန်း က များလွန်းတယ် လို့ ဝေဖန် သုံးသပ်သူ တွေ လည်း ရှိနေ ပါတယ်။