G20 ဆွေးနွေးပွဲတွေ ကိုးရီးယားမှာ စတင်

  • 22 အောက်တိုဘာ 2010
G20
Image caption G20 စက်မှုထိပ်သီး ဆွေးနွေးပွဲ တက်လာတဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ

G20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ ၂ ရက်တာ ဆွေးနွေးပွဲတွေကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဒီကနေ့ စတင်လိုက်ရာမှာ ငွေကြေး စျေးကွက်မှာ အစိုးရတွေ ဝင်ရောက် စွက်ဖက် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ အကြား တင်းမာနေမှုတွေကို ဆွေးနွေးကြ မယ်လို့ ယူဆရပါတယ်။

အခု တင်းမာမှုတွေကို ငွေကြေး စစ်ပွဲကြီး တစ်ခုလို့တောင် တချို့က တင်စား ပြောကြ ပါတယ်။

အခု G20 အစည်းအဝေးမှာ ဆွေးနွေးမဲ့ အစီအစဉ်ထဲမှာ ငွေကြေးလဲလှယ်နှုန်းထားတွေ အကြောင်း မပါပေမဲ့ ငွေကြေး လဲလှယ်နှုန်းတွေဟာ အရေးတကြီး ဆွေးနွေး စရာ ဖြစ်နေပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံသုံး ယွမ်ငွေကို သူ့အစိုးရက တမင် တန်ဖိုးချထားတာနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက ကန့်ကွက်နေကြတာ ဖြစ်ပြီး အမေရိကန် အစိုးရကတော့ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ အနောက်နိုင်ငံတွေရဲ့ ငွေကြေးမူဝါဒတွေကြောင့် သူတို့ငွေတန်ဖိုးတွေ လိုက်တက်နေရတယ်၊ ဒီလိုတက်လာတော့ သူတို့ပြည်တွင်းက ပို့ကုန်တွေ စျေးကြီးကုန်ပြီး ကမ္ဘာ့စျေးကွက်မှာ မပြိုင်ဆိုင်နိုင် ဖြစ်ရတယ်ဆိုပြီး မကြေလည်ကြပါဘူး။

အနောက်နိုင်ငံတွေကလည်း ဘဏ္ဍာရေး အကြပ်အတည်းတွေ ကြုံခဲ့ပြီးတဲ့နောက်မှာ စီးပွားရေးတွေ ပြန်ဦးမော့လာအောင် ဘဏ်တိုးနှုန်းတွေကို အရမ်း နှိမ့်ထားကြ ပါတယ်။

ဒါမှ ပြည်တွင်းမှာ ငွေလည်ပတ်မှုတွေ ပိုတိုးလာအောင်ပါ။

ဒါပေမယ့် အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကတော့ ရင်းနှီးမြုပ်နှံသူတွေက ပိုအကျိုးအမြတ် ရနိုင်တဲ့ ဖွံ့ဖြိုးစ နိုင်ငံတွေဆီသွားပြီး ရင်းနှီး မြုပ်နှံကြတယ်။

အဲဒီတော့ ဖွံ့ဖြိုးစ နိုင်ငံတွေရဲ့ ငွေတွေ တန်ဖိုးတက်ကုန်ပါတယ်။

ငွေတန်ဖိုးတက်တော့ ပို့ကုန်တွေ စျေးကြီးပြီး ပြည်တွင်း စီးပွားရေးကို ထိခိုက်ပါတယ်။

ဒါကြောင့် တရုတ်အစိုးရက သူ့ယွမ်ငွေတန်ဖိုးကို လိုက်မတက်အောင် တမင် ထိန်းထားတာ ဖြစ်ပါတယ်။

ဒါကိုပဲ တရုတ်နဲ့ စီးပွားရေး ပြိုင်လုပ်နေရတဲ့ နိုင်ငံတွေက လက်မခံနိုင်တာပါ။

ဒီတော့ နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မလျှော့တမ်း ရပ်ခံနေကြတဲ့ အတွက် အခု အစည်းအဝေးကလည်း အဖြေတစ်ခုခု ထွက်လာဖို့တော့ သိပ်မျှော်လင့်လို့ မရပါဘူးလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။