ငွေတန်ဖိုး အပြိုင်မချဖို့ G20 သဘောတူ

  • 24 အောက်တိုဘာ 2010
dollar vs ywan
Image caption ဂျီ ၂၀ စည်းဝေးပွဲမှာ ငွေတန်ဖို့ အပြိုင် မချကြဖို့ သဘောတူ

တောင်ကိုရီးယား နိုင်ငံက ဂျီ ၂၀ ဘဏ္ဍာရေး ဝန်ကြီးများ စည်းဝေးပွဲမှာ ကမ္ဘာ့ ထိပ်သီး စီးပွားရေး နိုင်ငံကြီးတွေ ကိုယ့်ပိုက်ဆံတန်ဖိုးကို အပြိုင်ချတာမျိုး မလုပ်ဖို့ သဘောတူခဲ့ကြပါတယ်။

အဲ ကမ္ဘာ့ စီးပွားရေး နိုင်ငံကြီးတွေထဲမှာ အထူးသဖြင့် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကို အဓိက ပြစ်တင် ဝေဖန်နေပါတယ်။

အမေရိကန်မှာဆိုရင် အစိုးရက သူ့ငွေတန်ဖိုးကို စျေးကွက်လက်အပ်ထားတယ် ဆိုပေမဲ့ အစိုးရက ဘဏ်တိုးနှုန်းတွေကို သုည ရာခိုင်နှုန်းနီးနီး ချထားပြီး တဘက်ကလည်း ပိုက်ဆံသစ်တွေ ရိုက်ထုတ်နေတာကြောင့် ဒေါ်လာ ကိုင်ထားသူတွေဟာ ဘဏ်တိုးနှုန်း ပိုများတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ပိုက်ဆံကို ပြောင်းကိုင်ဖို့ အားပေးရာ ရောက်ပါတယ်။

အဲဒိမှာ ဒီနိုင်ငံတွေရဲ့ ငွေတန်ဖိုးတွေ တက်ကုန်ပြီး သူတို့ရဲ့ ကုန်ပစ္စည်း တင်ပို့အားကို သွားထိခိုက်ပါတယ်။

တဘက်မှာ တရုတ်ကလည်း သူ့ပိုက်ဆံကို တန်ဖိုး မတက်အောင် ထိန်းထားပြီး ပြည်ပ ကုန်ပစ္စည်း တင်ပို့မှုကို မထိခိုက်အောင် တတ်နိုင်သလောက် ထိန်းနေပါတယ်။

ဒီကြားထဲမှာ မကြာခင်ကဘဲ ဂျပန်နဲ့ ကိုရီးယားကလည်း စျေးကွက်ထဲ ဝင်ပြီး သူတို့ ပိုက်ဆံကို တန်ဖိုး ချပစ်ခဲ့ပါတယ်။

နိုင်ငံတွေ အနေနဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး မတိုင်မပင် လုပ်နေတာတွေဟာ အန္တရယ် ရှိတယ်လို့ သတိပေးသံတွေ ထွက်ပေါ်နေချိန်မှာ ခုကိုရီးယားက ဂျီ ၂၀ အစည်းအဝေးမှာ ပိုက်ဆံ အပြိုင်တန်ဖိုး မချကြဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်က ပြောလာနိုင်တာက ဒို့လုပ်နေတာ တန်ဖိုးချနေတာ မဟုတ်ဖူး၊ ယွမ်ငွေ တန်ဖိုးကို အရမ်းကြီး တက်မသွားအောင် တောင့်ခံနေတာသာလို့ ပြောနိုင်သလို အမေရိကန်ကလည်း ဒေါ်လာကို တမင်သက်သက် တန်ဖိုး ချနေတာ မဟုတ်ဖူးလို့ ငြင်းနိုင်ပါတယ်။

အမေရိကန် အစိုးရက ဒီလိုပြောပေမဲ့ ဒေါ်လာတန်ဖိုးကတော့ ဆက်ကျမြဲ ကျနေပြီး ပြီးခဲ့တဲ့ အပတ်ကဆိုရင် ဒေါ်လာဟာ ယန်းငွေ၊ စင်္ကာပူ ဒေါ်လာ၊ ကနေဒါဒေါ်လာ၊ ဆွတ်ဖရန့်၊ တို့နဲ့ လဲလှယ်နှုန်းမှာ ဆယ်စုနှစ် တခုကျော်အတွင်း အနိမ့်ဆုံး အနေအထားမှာ ဝဲနေခဲ့တာ တွေ့ရပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံထဲက ကုန်ပစ္စည်းပို့တဲ့ ကုမ္ပဏီတွေ အတွက် ကောင်းတာမို့ အမေရိကန် အစိုးရက ကျိတ်ပြီး သဘောကျနေမှာပါ။

အမေရိကန် ဒေါ်လာဟာ ဆက်ကျနေနိုင်သေးတယ်လို့လည်း အကဲခပ်တွေက ဟောကိန်းထုတ်နေကြပါတယ်။

အထူးသဖြင့် အမေရိကန် အစိုးရက နောက်ထပ် ပိုက်ဆံ ရိုက်ထုတ်မဲ့ အစီအစဉ်ကို ခုသီတင်းပတ်ပိုင်း အတွင်းမှာ ကြေညာနိုင်စရာ ရှိနေတာမို့ ဒေါ်လာတန်ဖိုးဟာ ခုကတည်းက ကြိုပြီး ကျနေပါတယ်။

အမေရိကန် အဲ့သလို လုပ်တာကို သဘောမကျတဲ့ထဲမှာ ဥရောပ နိုင်ငံတွေလည်း ပါပြီး ဂျာမနီကဆိုရင် ဒီလုပ်ရပ်ဟာ ကိုယ့်ငွေကြေးကို သွယ်ဝိုက်တန်ဖိုးချပြီး စျေးဖျက်နေတာလို့တောင် စွပ်စွဲခဲ့ပါတယ်။

ဆိုး(လ)မြို့က ဂျီ ၂၀ စည်းဝေးပွဲမှာဘဲ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ပြောရေးဆိုပိုင်ခွင့် ပိုပေးခဲ့တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း သဘောတူခဲ့ပါတယ်။

IMF ဘုတ်အဖွဲ့မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက နေရာပိုရလာပြီး အနောက် ဥရောပက နေရာ နှစ်နေရာ အဆုံးခံခဲ့ ရပါတယ်။

နိုင်ငံအလိုက် မဲခွဲတမ်းမှာလည်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ခြောက်ရာခိုင်နှုန်း ပိုရလာပါတယ်။

ဒါပေမယ့်လည်း အမေရိကန်က အဓိက ဆုံးဖြတ်ချက်တွေမှာ ဗီတိုနဲ့ညီတဲ့ မဲရာခိုင်နှုန်းကို ရထားဆဲ ဖြစ်ပါတယ်။