လျှို့ဝှက်မှတ်တမ်းအတွက် ဝီကီလိခ်စ် ကာကွယ်ပြောကြား

  • 23 အောက်တိုဘာ 2010
Image caption အမှန်ကိုသိစေဖို့ ဖွင့်ချလိုက်တာလို့ အဆန်က ပြောပါတယ်

အမေရိကန် စစ်တပ်ရဲ့ လျှို့ဝှက် သတင်း အချက်အလက် မြောက်များစွာကို ထုတ်ပြန် ခဲ့တဲ့ ဝီကီလိခ်စ် ဝက်ဆိုက် တည်ထောင်သူ ဂျူလီယံအဆန်က အီရတ်စစ်ပွဲနဲ့ ပတ်သက်ပြီး အမှန်ကို ဖေါ်ထုတ်ချင်လို့ အခုလို ဖွင့်ချရတာ ဖြစ်တယ်လို့ ကာကွယ် ပြောကြား သွားပါတယ်။

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပန်းနှိပ်စက် မှုတွေကို အမေရိကန်စစ်တပ်က မသိချင်ယောင် ဆောင်နေတယ် ဆိုတာကို ဒီမှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

ကွပ်မျက်တာတွေ၊ လျှပ်စစ်ဓတ်ပေးပြီး အဆုံးစီရင်တာတွေ အပါအဝင် အီရတ် အကျဉ်းသား တွေကို မတော်မတရား နှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်း အချက်အလက်တွေကို အမေရိကန် ကွပ်ကဲမှု အဆင့်ဆင့်ကို ပို့ခဲ့ပြီးသားဖြစ်တယ်။ ဒါပေမယ့်လို့ ထပ်ပြီးတော့ ဘာမှ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အရပ်သားသေကျေမှုနဲ့ အီရတ်အရေးမှာ အီရန်တို့ ပါဝင် ပတ်သက်နေတာတွေကို သိမြင်အောင် ဖေါ်ပြထားပါတယ်။

ဇူလိုင်လကတုန်းကလည်း အာဖဂန် စစ်ပွဲနဲ့ပတ်သက်တဲ့ လှို့ဝှက် သတင်းအချက်အလက် ၇ သောင်းကျော်ကို ဝီကီလိခ်စ်က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဝါရှင်တန်ကတော့ အခုလို ဝီကီလိခ်စ်ရဲ့ ထုတ်ပြန်မှုဟာ လူတွေအတွက် အသက်အန္တရာယ် ရှိစေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါပေမယ့်လို့ လူတဦးတယောက်အတွက် အန္တရာယ်ရှိနိုင်တဲ့ သတင်းအချက်အလက်တွေကို ပယ်ဖျက်ပြီးမှ ဖေါ်ပြထားတာဖြစ်ကြောင်း ဝီကီလိခ်စ်က ပြောပါတယ်။