အမေရိကန်စစ်တပ်ရဲ့ လှို့ဝှက်မှတ်တမ်း ထပ်မံထွက်ရှိ

  • 23 အောက်တိုဘာ 2010
Image caption အီရတ် အကျဉ်းသားတွေအပေါ် မတရား နှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်

အမေရိက်စစ်တပ်ကရရှိတဲ့ နောက်ထပ် လှို့ဝှက် သတင်းအချက်အလက် အမြောက် အများကို ဝီကီလိခ်စ် ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်လိုက်ပါတယ်။

အချက်အလက် ၄ သိန်းကျော် ထုတ်ပြန်ခဲ့တဲ့ အထဲမှာ အီရတ်တပ်ဖွဲ့တွေက အကျဉ်းသား တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ လုပ်တာကို ထိပ်တန်း အရာရှိတွေက သိခဲ့ပေမယ့်လို့ အရေးယူဆောင်ရွက်မှု တစုံတရာ မလုပ်ခဲ့ ကြောင်း ဖေါ်ပြထားပါတယ်။

နောက်ပြီး ကွပ်မျက်တာတွေ၊ လျှပ်စစ်ဓတ်ပေးပြီး အဆုံးစီရင်တာတွေ အပါအဝင် အီရတ် အကျဉ်းသားတွေကို မတော်မတရား နှိပ်စက်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်း အချက်အလက်တွေကို အမေရိကန် ကွပ်ကဲမှု အဆင့်ဆင့်ကို ပို့ခဲ့ပြီးသားဖြစ်တယ်၊ ဒါပေမယ့်လို့ ထပ်ပြီးတော့ ဘာမှ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။

ဇူလိုင်လကတုန်းကလည်း အာဖဂန် စစ်ပွဲနဲ့ပတ်သက်တဲ့ လှို့ဝှက် သတင်းအချက်အလက် ၇ သောင်းကျော်ကို ဝီကီလိခ်စ်က ထုတ်ပြန်ခဲ့ပါသေးတယ်။

Image caption အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ ထုတ်ပြန်မှုကို ကန့်ကွက်ရှုတ်ချသင့်တယ်

အခုလို ဝီကီလိခ်စ်က ထုတ်ပြန်ခဲ့တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မယ့် ဘယ်လို သတင်းအချက်အလက် ထုတ်ပြန်မှုကို မဆို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒါဟာ မဟာမိတ် တပ်ဖွဲ့တွေ ဒါမှမဟုတ် အရပ်သားတွေအတွက် အသက်အန္တရာယ် ရှိစေတယ်လို့ ပြောပါတယ်။

ဒီအထောက်အထားတွေဟာ နည်းဗျူဟာဆိုင်ရာ ဌာနတွေရဲ့ အကြမ်းမျဉ်း လေ့လာထားချက်တွေ ဖြစ်ပြီး၊ ဝမ်းနည်းဖွယ် ဓါတ်ပုံတွေနဲ့ ရိုးရိုး အဖြစ်အပျက်တွေသာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ ထုတ်ပြန်လိုက်ခြင်းအားဖြင့် ရန်သူတွေ အနေနဲ့ ဒါတွေကို အသုံးပြုကာ အမေရိကန်ရဲ့ နည်းနာပိုင်း၊ နည်းပညာပိုင်းနဲ့ လုပ်ငန်းစဉ် တွေကို နားလည်းသိရှိသွား စေလိမ့်မယ်လို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူ တဦးက ဘီဘီစီကို ပြောပါတယ်။