ဟေတီမြို့တော်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားမှုရှိ

  • 24 အောက်တိုဘာ 2010
Image caption စိန့်မာ့ခ်ဒေသမှာတော့ ရောဂါဖြစ်ပွားမှု နည်းနည်း ငြိမ်သွားပုံ ပေါ်တယ်လို့ ဆိုပါတယ်

ဟေတီနိုင်ငံမြို့တော် ပေါ်တိုပရင့်စ်မှာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၅ ဦး ရှိနေပြီဆိုတာ စမ်းသပ်တွေ့ရှိရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီသူတွေဟာ ရောဂါအဆိုးဝါးဆုံး ဖြစ်နေတဲ့ အာတီဘွန်နိုက် ဒေသကနေ မြို့တော်ကို လာကြတဲ့ ခရီးသည်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက အရာရှိတွေက ပြောပါတယ်။

မြို့တော်မှာ ဒီလူ ၅ ဦးကနေ နောက်ထပ် အကြီးအကျယ် ရောဂါပြန့်နှံ့မယ့် အခြေနေတော့ မရှိဘူးလို့ ဆိုပါတယ်။

စိန့်မာ့ခ်ဒေသက ဆရာဝန် ဂျိမ်းစ်ဒူမွန့်တ်ကတော့ ဆေးရုံတင်ရတဲ့လူ နည်းနည်းပဲရှိပြီး၊ အတော်များများ ဆေးရုံက ဆင်းသွားကြပြီ ဖြစ်တဲ့အတွက် ရောဂါဖြစ်ပွားတဲ့ အခြေနေဟာ နည်းနည်း ငြိမ်သွားပုံ ပေါ်တယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးတော့မယ့်ပုံပေါ်နေတဲ့ လူနာအတော်များများ ဒီကနေ့မနက် ပြန်နလန်ထူ လာတာ တွေ့ရတယ်လို့ လည်းဆိုပါတယ်။

ဒီရောဂါကြောင့် လူပေါင်း ၂ ရာကျော်ကတော့ သေဆုံးသွားခဲ့ ရပြီဖြစ်ပါတယ်။

ဇန္နဝါရီလက မြေငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး စခန်းချနေထိုင်နေရတဲ့ နေရာတွေဆီ ရောဂါ အလျင် အမြန်ပြန့်နှံ့မှာကို ကျန်းမာရေးအရာရှိတွေက စိုးရိမ်နေကြပါတယ်။