တာရစ်ခ် အဇဇ် ကို သေဒဏ် ချမှတ်လိုက်

  • 26 အောက်တိုဘာ 2010
Tariq Aziz
Image caption မစ္စတာ အဇဇ်ဟာ နိုင်ငံရေး ဓါးစာခံ ဖြစ်တယ် လို့ သူ့သားက ပြော

အီရတ် သမ္မတ ဆဒမ် ဟူစိန် အစိုးရ လက်ထက်က ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်ခဲ့တဲ့ တာရစ်ခ် အဇဇ် ကို အီရတ် တရားရုံးချုပ်က သေဒဏ် ချမှတ် လိုက်ပါတယ်။

သူဟာ အီရတ်နိုင်ငံရဲ့ ဘာသာရေး ပါတီတွေကို ကွပ်မျက်ခဲ့မှုမှာ ဆက်နွယ် ပတ်သက်နေမှုနဲ့ ပြစ်မှု ထင်ရှားခဲ့တယ်လို့ တရားရုံးရဲ့ ကြေညာ ချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

အဲဒီအမှုမှာ ပါတဲ့ နောက်တရားခံ နှစ်ဦး ဖြစ်တဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဆဒွန် ရှာကီယာ နဲ့ ဆဒမ် ဟူစိန်ရဲ့ ကိုယ်ရေး အရာရှိဟောင်း အာဘက်ဒ် ဟာမွတ်ဒ်လည်း သေဒဏ် ချမှတ် ခံရတယ်လို့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အင်္ဂလိပ်စကား ရေရေလည်လည် ပြောနိုင်တဲ့ မစ္စတာ အဇဇ်ဟာ ဆဒမ် ဟူစိန် အစိုးရ အဖွဲ့ ထဲမှာ ထိပ်တန်း ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်ပါတယ်။

အီရတ်နိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေ ဝင်ရောက် တိုက်ခိုက်ခဲ့အပြီးမှာ မစ္စတာ အဇဇ်ကို ထောင်သွင်း အကျဉ်းချ ထားခဲ့တာ ဖြစ်ပြီး အရင်ကလည်း ထောင်ဒဏ် ချမှတ် ထားခဲ့ပြီးဖြစ်ပါ တယ်။

အသက် ၇၄ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ အဇဇ်ဟာ အတော် နာမကျန်း ဖြစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆွန်နီ မူဆလင် တဦး ဖြစ်သူ ဆဒမ် ဟူစိန်ဟာ ၁၉၈၀နဲ့ ၉၀ ပြည့်လွန် နှစ်တွေ တုန်းက ပြိုင်ဘက်နိုင်ငံရေး အုပ်စု ထူထောင်ဖို့ ကြိုးပမ်းမှု မှန်သမျှကို အပြတ်အသတ် ချေမှုန်းခဲ့ ပါတယ်။

အထူးသဖြင့် အခု လက်ရှိ ဝန်ကြီးချုပ် နူရီ အယ်လ် မာလီခီ ရဲ့ ပါတီ ဖြစ်တဲ့ ဒါဝါ ပါတီ အပါအဝင် ရှီအာ မူဆလင် ပါတီတွေကို အဓိကထား ချေမှုန်း ခဲ့ပါတယ်။

ဒီစီရင်ချက်ဟာ နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သက်နေတယ်လို့ မစ္စတာ အဇဇ်ရဲ့ ရှေ့နေ ဖြစ်သူက ပြောပါတယ်။

အယူခံဝင်ရေး မဝင်ရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံ တရာ မချရသေးဘူးလို့ သူက ပြောပါတယ်။

မစ္စတာ အဇဇ်ကို ဘယ်တော့ သေဒဏ် စီရင်မလဲ ဆိုတာကိုတော့ တရားရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောမသွားပါဘူး။