အင်ဒိုနီးရှား ဆူနာမီဒဏ်ခံရပြန်

  • 27 အောက်တိုဘာ 2010
Image caption အင်ဒိုနီရှားမှာ ဆူနာမီဒဏ်ခံရပြန်

အင်ဒိုနီးရှားနိုင်ငံမှာ တနင်္လာနေ့က အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရသလို ဂျားဗားကျွန်းအလယ်ပိုင်းမှာလည်း မီးတောင်တစ်လုံးက ပေါက်ကွဲဖို့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

သွားလာရခက်ပြီး ခေါင်တဲ့ ဆူမတြာကျွန်း အနောက်ဘက် ပင်လယ်ထဲက မန်တာဝါအီကျွန်းတွေဆီကိုတော့ ကယ်ဆယ်ရေး လုပ်သားတွေ ရဟတ်ယာဉ် တွေနဲ့ ရောက်သွားကြပြီဖြစ်ပေမယ့် ရာသီဥတုက ဆိုးရွားနေဆဲ ဖြစ်တာမို့ အဆိုးရွားဆုံး ဒုက္ခရောက်နေတဲ့သူတွေဆီ တတ်နိုင်သမျှ ရောက်အောင် ကြိုးစားနေကြဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေကတော့ အသက်ရှင်ကျန်သူတွေကို ဦးစားပေး ရှာဖွေနေပြီး၊ သူတို့ကို ကမ်းရိုးတန်းဒေသနဲ့ ဝေးတဲ့နေရာတွေမှာ ယာယီ စခန်းတွေနဲ့ စောင့်ရှောက်ပေးထားမယ်လို့ ပြောပါတယ်။

အပျက်အစီးက ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာကို မသိနိုင်သေး ပေမယ့် ကျွန်းတွေပေါ်ကို ၁၀ ပေလောက် ရေလွှမ်းမိုးသွားခဲ့တာကြောင့် အနည်းဆုံး ရွာပေါင်း ၁၀ ရွာလောက် ပင်လယ်ရေအောက် ပျောက်သွားမယ်လို့ သိရပါတယ်။

အခုထိ သိရ သလောက်ကတော့ သေဆုံးသူ အနည်း ဆုံး ၁၅၄ ဦး ရှိပါတယ်။ ပျောက်ဆုံးနေသူတွေကတော့ ၄၀၀ လောက် ရှိတယ်လို့ လည်း သတင်းတွေရပါတယ်။

အင်အား ရစ်ချ်တာစကေး ၇.၅ ပြင်းအားရှိတဲ့ ငလျင်ကြီးလှုပ်ပြီးနောက်မှာ နောက်ဆက်တွဲငလျင်တွေ တစ်နေကုန် လှုပ်နေခဲ့တာကြောင့် ဒေသခံတွေဟာ ဒီသဘာဝဘေးဒဏ်ကို တော်တော့ကို ခံစားခဲ့ကြရပါတယ်။

အာဆီယံ အစည်းအဝေးတက်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်လာတဲ့ အင်ဒိုနီး ရှားသမ္မတ Susilo Bambang Yudhoyono ကတော့ ဒီကနေ့ပဲ အင်ဒိုနီးရှား ပြန်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်မယ်လို့ သိရပါ တယ်။

အင်ဒိုနီးရှားစစ်တပ်ကလည်း ကျွန်းတွေပေါ်မှာ ဘေးဒုက္ခရောက်နေ သူတွေကို ကူညီဖို့အတွက် ဒီညနေပိုင်းမှာ ရောက်ရှိကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကြားထဲမှာ ဂျာဗားကျွန်းအလယ်ပိုင်းက Merapi မီးတောင်က ပေါက်ကွဲဖို့ လှုပ်ရှားနေလို့ မီးတောင်အနီးအနားက လူတွေကို ရွှေ့ပြောင်း ကယ်တင်နေရပါတယ်။

ဒီနေရာမှာလည်း သတိပေးမှုတွေ ဆိုင်ရာက လုပ်ခဲ့ပေမယ့် ဒေသခံတွေက အိမ်တွေ ရာတွေကို စွန့်ခွာ မသွား ချင်လို့ အလွယ်တကူမဟုတ်ဘဲ ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မီးတောင်က မနေ့ကနဲ့စာရင်တော့ နည်းနည်းငြိမ်သွားတယ်လို့ ဆိုနိုင်ပေမယ့် မီးတောင်ဆိုင်ရာကျွမ်းကျင်သူတွေကတော့ မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်နိုင် တယ်လို့ ခန့်မှန်းထားကြပါတယ်။