ရုရှား အမေရိကန် မူးယစ်ဆေး ပူးတွဲ နှိမ်နင်း

  • 29 အောက်တိုဘာ 2010

ရုရှားနဲ့ အမေရိကန် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ တွေက အာဖဂန် နစ္စတန် နိုင်ငံက မူးယစ်ဆေး ထုတ်တဲ့ စက်ရုံ လေးခု ကို ဝင်ရောက် သိမ်းဆည်းလိုက် ပါတယ်။

Image caption ဘိန်းဖြူ ထုတ်နိုင်တဲ့ ဘိန်းစိမ်း ၉၀ ရာနှုန်း ကျော် အာဖဂန်က ထွက်

ဒီ စစ်ဆင်ရေး ဟာ အမေရိကန် နဲ့ ရုရှား ပထမ ဆုံး အကြိမ် ပူးတွဲ ပြီး ထူးထူး ခြားခြား လုပ် ဆောင်မှု အဖြစ် တွေ့မြင်ရ ပါတယ်။

မော်စကို မြို့တော်က ဘီဘီစီ သတင်းထောက် ကတော့ အခုလို စီးနင်း ဖမ်းဆီးမှုဟာ အာဖဂန် နစ္စတန် အရေးမှာ ရုရှားနဲ့ အမေရိကန် ပိုမို ပူးပေါင်း ဆောင်ရွက် လာတဲ့ လက္ခဏာ လို့ ပြောပါတယ်။

ရုရှား မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင် Victor Ivanov ရဲ့ပြောပြချက်အရ အခု ပြုလုပ် ခဲ့တဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ပူးတွဲ လှုပ်ရှားမှု ကို ကာလ အတန်ကြာ ကတည်းက စီစဉ်ခဲ့ တာလို့ သိရပါတယ်။

ပူးတွဲ ဆောင်ရွက်ပုံ

ရုရှားနဲ့ အမေရိကန် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ နှစ်ဖွဲ့က အရာရှိ ၇၀ နီးပါး ပါဝင် လှုပ်ရှားခဲ့ ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေက နောက်ကနေ ကူညီ တိုက်ခိုက်ခဲ့ ပါတယ်။

နာရီပေါင်း များစွာ မြေပြင်ပေါ်မှာ လှုပ်ရှား ခဲ့ကြပြီး Mr Ivanov ရဲ့ အဆိုအရ အာရှ အလည်ပိုင်း ဒေသဆီ ပို့မယ့် ဟီရိုးအင်း ဘိန်းဖြူ တွေကို အဓိက ထုတ်လုပ်တဲ့ ဗဟို စခန်း တစ်ခု ကို ဖျက်ဆီး တိုက်ခိုက်ခဲ့ ပါတယ်။

ဒီစစ်ဆင်ရေးမှာ တစ်တန် နီးပါး ရှိတဲ့ ဟီရိုးအင်း ဘိန်းဖြူ နဲ့ ဘိန်းစိမ်းတွေ ကိုသိမ်းယူ နိုင်ခဲ့ ပါတယ်။

ထောက်လှမ်းရေး သတင်းတွေ ကို အမေရိကန်နဲ့ ဖလှယ်နိုင်ခဲ့ တာကြောင့် မူးယစ် ဆေးဝါး စစ်ဆင်ရေးကြီးကို အောင်မြင် ခဲ့တာလို့ ရုရှားက ပြောပါတယ်။ ပထမဦးဆုံး အကြိမ် အခုလို အမေရိကန်နဲ့ ရုရှားတို့ ပူးတွဲ စစ်ဆင်ရေး ပြုလုပ်နိုင် ခဲ့တာဟာ အာဖဂန် နစ္စတန်မှာ ရုရှားက ပိုမို ပါဝင် လှုပ်ရှား လာနေတဲ့ လက္ခဏာ တစ်ခုလို့ ဘီဘီစီ မော်စကို သတင်းထောက် Richard Galpin ကသုံးသပ် ပါတယ်။

အမေရိကန် နဲ့ ရုရှား အကြား ဆက်ဆံရေး အပေါ် နှစ်ဘက် စလုံးက ပြန်လည် သုံးသပ်ခဲ့ ပြီးတဲ့ နောက် ရုရှား နယ်နိမိတ်ကို အာဖဂန် နစ္စတန် က နေတိုး တပ်ဖွဲ့ တွေ အတွက် ထောက်ပို့ လမ်းကြောင်း အဖြစ် အသုံးပြု ဖို့ ရုရှားက ခွင့်ပြုခဲ့ ပါတယ်။

အခုတခါ ရုရှား စစ်လက်နက် ပစ္စည်း တွေကို အာဖဂန် စစ်တပ် အတွက် အသုံးပြုဖို့ ရုရှားက ကမ်းလှမ်းနေပါတယ်။

ရုရှား နိုင်ငံက အာဖဂန် နစ္စတန် မှာ ရှိတဲ့ နေတိုး တပ်ဖွဲ့တွေ ကို ထောက်ပံ့ရေး အတွက် သူ့ နယ်မြေကို အသုံးပြုခွင့် ပေးတဲ့ အပြင် အာဖဂန် နစ္စတန် တပ်ဖွဲ့တွေ အတွက် စစ်သုံး ပစ္စည်းတွေ ထောက်ပံ့ မယ် လို့လည်း ကမ်းလှမ်းနေပါတယ်။