ယီမင်မှာ ဗုံးကိစ္စနဲ့တစ်ဦးကိုဖမ်းထား

  • 31 အောက်တိုဘာ 2010
yemen
Image caption လုံခြုံရေးထူထပ်နေတဲ့ ယီမင်

သောကြာနေ့က ဒူဘိုင်းနဲ့ ဗြိတိန်နိုင်ငံ တို့မှာ လေကြောင်း နဲ့ပို့တဲ့ ကုန် ပါဆယ်လ် ပစ္စည်းတွေထဲမှာ ဗုံးထည့် ထားတာကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အမျိုးသမီး တဦးကို ယီမင်နိုင်ငံ ရဲ့ မြို့တော် ဆန်နာမှာ ဖမ်းဆီး လိုက်တယ်လို့ ယီမင် အာဏာပိုင်တွေက ပြောပါတယ်။

ဒီအမျိုးသမီးဟာ ကျောင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့ မိခင်နဲ့ အတူ အဖမ်းခံခဲ့ရတာ ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။ ဒါဟာ ယီမင်နိုင်ငံမှာ ဗုံးထည့် ထားနိုင်တယ်လို့ သင်္ကာမကင်း ဖြစ်စရာ ကုန်စည် အထုတ် ၂၀ ကျော်လောက်ကို ရှာဖွေ ဖမ်းဆီးမိ အပြီးမှာ အခုလို့ ဖမ်းဆီး လိုက်တာဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိခဲတဲ့ ပါဆယ်လ်ဗုံးတွေဟာ ယီမင်ကနေပြီး အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဂျူးဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေဆီကို လိပ်စာ တပ်ထားတာဖြစ်ပါတယ်။

အဲဒီလို ဗုံးတွေ ရမိခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိုဘားမားက ဒီပါဆယ်လ် ဗုံးတွေကို ရှာဖွေ ဖမ်းဆီးမိအောင် ထောက်လှမ်းရေး သတင်းပေး နိုင်ခဲ့တဲ့အပေါ်မှာ ကျေးဇူးတင်ကြောင်း ဆော်ဒီ ဘုရင် အပ္ပဒူလာကို ဖုန်းဆက်ပြောကြားခဲ့ပါတယ်။

အလားတူပဲ သမ္မတ အိုဘားမားဟာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို လဲ ဖုန်းဆက်လို့ ဗြိတိသျှ လုံခြုံရေးတပ်ဖွဲ့ တွေရဲ့ ဒီတိုက်ခိုက်မှုကို တားဆီးနိုင်လိုက်တဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ ပါတယ်။

အဲဒီလိုပဲ အမေရိကန် လုံခြုံရေးတပ်ဖွဲ့တွေ ကိုလဲ ဒီလို အန္တရာယ်တွေကို ကြိုတင်ဖြေရှင်းနိုင်ခဲ့တာကို ချီးမွမ်းပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားက ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အာရေဘီးယမ်း ကျွန်းစွယ်မှာ အယ်လ်ကာရီဒါ ရှိတာကို သိကြောင်း၊ ယီမင်နိုင်ငံမှာ အခြေဆိုက်တဲ့ အကြမ်းဖက် အဖွဲ့ တဖွဲ့ဟာ အမေရိကန် နိုင်ငံ၊ အမေရိကန် နိုင်ငံသားတွေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေကို တိုက်ခိုက်ဖို့ ကြံစည်ကြိုးစားနေကြတာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။