ဗြိတိန်နဲ့ ပြင်သစ် ကာကွယ်ရေး သဘောတူ စာချုပ်ချုပ်

  • 2 နိုဝင်ဘာ 2010
Image caption ပင်လယ်ပြင်မှာ အနည်းဆုံး လေယာဉ်တင် သင်္ဘော တစင်း အမြဲထားရေး သဘောတူ

ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ သမိုင်း စာမျက်နှာသစ် ဖွင့်လိုက်ပါပြီ။

နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ သဘောတူချက်သစ် ၂ခုကို ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုးဇီး နဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း တို့ ဒီကနေ့ လက်မှတ် ရေးထိုး ချုပ်ဆိုလိုက်ကြ ပါတယ်။

ဒီသဘောတူ စာချုပ် ၂ခုဟာ စစ်ရေး ရည်ရွယ်ချက်နဲ့ စစ်ရေးအတွက် သုံးစွဲနိုင်မှုအား တပြေးညီ ရှိကြတဲ့ ဗြိတိန်နဲ့ ပြင်သစ် နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက် ကောင်းမွန်လာရေးမှာ ပထမ ခြေလှမ်း တရပ် ဖြစ်ပါတယ်။

သဘောတူ စာချုပ် ၂ခုထဲမှာ တခုက သူတို့ရဲ့ ကမ္ဘာ့ အဆင့်မှီ လက်နက်ကိုင် တပ်ဖွဲ့တွေကို အရင်ကထက် ပိုနီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး နောက်တခုကတော့ နျူကလီးယား လုံခြုံရေး နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဖြစ်ကြောင်း၊ ဒီသဘောတူချက်တွေကြောင့် တိုင်းသူ ပြည်သားတွေ ပိုပြီး လုံလုံခြုံခြုံ စိတ်ချလက်ချ နေနိုင်ကြမှာ ဖြစ်ပါကြောင်း မစ္စတာ ကမ်မရွန်း က ပြောသွားပါတယ်။

ဒီသဘောတူ စာချုပ်တွေဟာ နိုင်ငံ အချုပ်အခြာ အာဏာပိုင်မှုကို ထိပါးစေမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သမ္မတ ဆာကိုးဇီးကလည်း နှစ်နိုင်ငံအကြား ထူးခြား ကောင်းမွန်တဲ့ ဆက်ဆံရေး တရပ် တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ဝိသေသ လက္ခဏာတွေ အားလုံး အခုအခါ သူ့နေရာနဲ့ သူရှိနေပြီလို့ ပြောသွားပါတယ်။