မီရာပီ မီးတောင်ကြီး ထပ်ပေါက် ပြန်ပြီ

  • 5 နိုဝင်ဘာ 2010

လွန်ခဲ့တဲ့ သီတင်း တပတ်ကျော်က ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီးတဲ့ နောက် အင်ဒိုနီးရှား နိုင်ငံမှာ ရှိတဲ့ မီရာပီ မီးတောင်ကြီး ထပ်မံ ပေါက်ကွဲခဲ့တဲ့ အတွက် လူပေါင်း ၆၀ ထက် မနည်း သေဆုံး ခဲ့ပါတယ်။

Image caption မီးတောင်ကြီးရဲ့ အန္တရာယ်က ထွက်ပြေး လာကြသူ ရွာသား များ

မီးတောင် ပေါက်တဲ့ ဒေသက ရွာတွေမှာ မီးစွဲ လောင်နေတာတွေ၊ မမှတ်မိ နိုင် လောက် အောင် မီးလောင် ကျွမ်း ထားတဲ့ အလောင်း တွေ ရှိ နေတယ်လို့ ကယ်ဆယ်ရေး လုပ်သား တွေက ပြောပါတယ်။

ဒီတခေါက် မီးတောင် ပေါက်တာဟာ အရင် ကထက် ပို အရှိန် ကြီးမားပြီး အနီး အနားက ရွာတွေကို မီးခိုးပြာ တွေနဲ့ ဖုံးလွှမ်း သွားခဲ့ ပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းက မီးတောင် ပေါက်ခဲ့အပြီး မျက်နှာတွေကို မီးတောင် ပြာ တွေ ဖုံးနေတဲ့ ဒေသခံ တွေဟာ တောင်ခြေ အောက်ကို အသက်လုပြီး ပြေးခဲ့ ကြရ ပါတယ်။

လူ အတော် များများ လည်း မီးလောင်တဲ့ ဒဏ်ရာတွေ အသက်ရှူ ကျပ်တဲ့ ဝေဒနာ တွေနဲ့ ဆေးရုံတွေပေါ် ရောက်လာကြ ပါတယ်။

မီးတောင် ကြီး စတင် ပေါက်ခဲ့ချိန် ကနေ အခုချိန် အထိ သေဆုံးသူပေါင်း တစ်ရာ ကျော် သွားပါပြီ။ သေဆုံးသူ အတော် များများဟာ မီးတောင်နဲ့ ၁၁ မိုင် အကွာမှာ ရှိတဲ့ အာဂိုမူလီယို ရွာက ကလေးငယ်တွေ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ ရှိတဲ့ ရွာတချို့ မီးစွဲလောင် နေတယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်း တွေက ပြောပါတယ်။

အစိုးရ ကတော့ မီးတောင် အနား မသွားရတဲ့ ကန့်သတ် ဇုန်ကို ၁၅ ကီလို မီတာ ကနေ ၂၀ ကီလိုမီတာ အထိ တိုးမြှင့် လိုက် ပါတယ်။

လူတွေ သူတို့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေ ကို စိတ်မချလို့ ရွာပြန်ပြီး သွားကြည့်ကြ မှာကို တားဆီးဖို့ ကြိုးစားတဲ အနေနဲ့ မီးတောင် ဝန်းကျင်မှာ ရှိတဲ့ ကျွဲနွား တွေ အားလုံး ကို ဝယ်ယူမယ် လို့ ပြောပါတယ်။

မီရာပီ မီးတောင်ဟာ ကမ္ဘာပေါ်မှာ လှုပ်ရှားမှု အများဆုံး မီးတောင်ရှင် တစ်ခု ဖြစ်ပြီး ဂျာဗားကျွန်း အလယ်ပိုင်း က လူဦးရေ ထူထပ်တဲ့ နေရာမှာ ရှိနေတာပါ။

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒို ယိုဒို ကလည်း နောက်ထပ် ကြိုတင် ကာကွယ် ရေး လုပ်ဆောင်ချက်တွေ တိုးမြှင့် ပြုလုပ် သွားမယ်လို့ ပြောပါတယ်။ ဒီကနေ့ နှောင်းပိုင်း လောက် ကျရင် လည်း အဲဒီဒေသကို သမ္မတ ကိုယ်တိုင် အဲဒီ နေရာကို သွားရောက် ကြည့်ရှူမယ်လို့ ယူဆရ ပါတယ်။

လာမဲ့ သီတင်းပတ်တွေမှာ မီးတောင်ပေါက်ကွဲမှုတွေ နောက်ထပ် ဖြစ်လာအုံးမယ်လို့ သိပ္ပံ ပညာရှင်တွေက သတိပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မန်တာဝေ ကျွန်းစု မှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က နောက် သဘာဝ ဘေးဆိုး ဒဏ် တစ်ခုဖြစ်တဲ့ ဆူနာမီ ဒီလှိုင်း ရိုက်ခတ် ခံခဲ့ ရတဲ့အတွက် လူ တွေ ရာနဲ့ချီ ပြီး သေဆုံး ခဲ့ရပါတယ်။