သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒါဖတ်ပြီးမှ မဲပေးပါ

  • 6 နိုဝင်ဘာ 2010

သောတရှင်များရှင်ခင်ဗျား... မနက်ဖြန်ဆို အထွေထွေရွေးကောက်ပွဲကြီး မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပတော့မယ်၊ မဲပေး ကြမယ့်သူတွေ ရှိသလို မဲမပေးဘူးဆိုတဲ့ လူတွေလည်း အများကြီးရှိနေပါတယ်။ ဒီတော့ မဲပေးဖို့ ဆန္ဒရှိတဲ့ သောတရှင်တွေ သိရအောင် အခု ရွေးကောက်ပွဲက ဘာအတွက် ကျင်းပတယ်ဆိုတာ အရင်ဆုံးရှင်းပြပေးပါလား။

Image caption မဲပေးဖို့ ဆုံးဖြတ်ထားတဲ့ ပြည်သူများအတွက် အခြေခံ သိသင့်သော အချက်များ

၁၉၈၈ ခုနှစ်မှာ အရင် မဆလ တစ်ပါတီအစိုးရရဲ့ အာဏာရှင်စနစ်နဲ့ ဖိနှိပ်အုပ်ချုပ်တာကို မကြိုက် လို့ ကျောင်းသားတွေ ဦးဆောင်ပြီး၊ ပြည်သူ လူထုက အစိုးရ ပြောင်းလဲဖို့ အုံကြွခဲ့ပြီးနောက်၊ အာဏာသိမ်း စစ်အစိုးရက ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပပေးခဲ့တာ မှတ်မိမှာပါ။ အဲဒီမှာ NLD ပါတီက တစ်နိုင်ငံ လုံး အနိုင်ရခဲ့ ပေမယ့် စစ်တပ်က အနိုင်ရပါတီ ကို အာဏာမပေးဘဲ အခြေခံဥပဒေ မရှိလို့ ဆိုပြီး၊ အခြေခံဥပဒေရေးဖို့ နှစ်ရှည်လများ အချိန်ယူပြီးနောက် စစ်အစိုးရ သဘောကျ ၂၀၀၈ အခြေခံ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီအခြေခံဥပဒေက စစ်တပ်ကို အများကြီး ကာကွယ်ပေးထားတဲ့ အာဏာတွေ အများကြီး ပေးထားတဲ့ ဥပဒေဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ အခုတော့ အဲဒီ အခြေခံ ဥပဒေကို ကိုင်ပြီး အထွေထွေရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။

အဲဒီတော့ မနက်ဖြန် မနက်မှာ မဲသွားပေးမယ့်လူတွေက ဘာကို ဘယ်လို မဲပေးရ မှာလဲ။

ဒီလိုပါ။ အခု အငြင်းပွားမှုတွေနဲ့ ပြည့်နေတဲ့ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနဲ့ တရားစီရင်ရေး အာဏာသုံးရပ်အနက် အခြေခံအလိုအပ်ဆုံးဖြစ်နေတဲ့ ဥပဒေပြုရေးအာဏာရှိတဲ့ လွှတ်တော်သုံးရပ်အတွက် မဲပေးရမှာပါ။

လွှတ်တော်သုံးရပ်အတွက် မဲပေးပုံပေးနည်းတွေလည်း တလက်စထဲ ပြောပါဦး

မနက်ဖြန်မှာ မဲသွားပေးမယ့် သူဟာ သက်ဆိုင်ရာ မဲရုံကို သွားရင်၊ အမျိုးသားလွှတ်တော် အတွက် ကိုယ့်ကျေးရွာ၊ မြို့နယ်ကို ကိုယ်စားပြုမယ့် အမတ်လောင်း တစ်ယောက်ကို ရွေးချယ်ရမယ်၊ တခါပြည်သူ့ လွှတ်တော်အတွက် ကိုယ်စား လှယ်လောင်း တစ်ယောက်ကို ရွေးရမယ်။ တခါ ကိုယ်နေထိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ် တစ်ယောက်ကို ရွေးရမယ်။ အဲဒီတော့ မဲသုံးခုနဲ့ ကိုယ်စားလှယ် သုံးယောက်ရွေးရမှာပေါ့။ အဲ ဗမာမဟုတ်တဲ့ တိုင်းရင်းသားဆိုရင်တော့ ကိုယ်နေထိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ထဲမှာ ကိုယ့်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ထပ်ရွေးရမှာပေါ့။ သူ့ကျတော့ လေးမဲပေးရမှာပေါ့။

ခုနလွှတ်တော်တွေမှာက စစ်တပ်ကလည်း အလိုလိုပါနေမှာဆိုတော့ အခု ကိုယ်စားလှယ် တွေက ဘယ်လွှတ်တော်တွေအတွက် ဘယ်နှစ်ယောက် အရွေးခံရမှာလဲ။

အမျိုးသားလွှတ်တော်မှာတော့ အခုနပြောသလို စစ်တပ်က ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ၅၆ ယောက် ယူထားပြီးပြီ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၁၆၈ ယောက်ကို လူထုက မဲပေး ရွေးချယ်ရမှာ ဖြစ်တယ်။ ဒီတော့ အမျိုးသား လွှတ်တော်မှာ စုစုပေါင်း အမတ်ဦးရေ ၂၂၄ ယောက်ရှိမယ်။ ပြည်သူ့လွှတ်တော်အတွက်က တတိုင်းပြည်လုံးမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ အတွက် ကိုယ်စားလှယ်ပေါင်း ၃၃၀ ကို လူထုက ရွေးနိုင်မယ်။ စစ်တပ်က အလိုလို ၁၁၀ ဝင်ယူမယ်။ စုစုပေါင်း ၄၄၀ ဖြစ်သွားမယ်။ အဲဒီပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ပေါင်းပြီး၊ ၆၆၄ ယောက်ပါတဲ့ လွှတ်တော်နှစ်ရပ် ပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် တွေကိုလည်း သတ်မှတ်ကိုယ်စားလှယ်တွေနဲ့ ရွေးချယ် ဖွဲ့စည်းရမယ်။

ဒါကတော့ လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒရှင်ပြည်သူတွေက မနက်ဖြန်မှာ မဲပေးရ မယ့် ပုံစံတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့ သမ္မတရွေးချယ်ပုံကိုလည်း ဆက်ပြီး ပြောပြပါဦး။

အမျိုးသားလွှတ်တော် အရပ်ဘက် ကိုယ်စားလှယ် အစုအဖွဲ့က သမ္မတလောင်းတဦး၊ ပြည်သူ့လွှတ်တော် အရပ်ဘက် ကိုယ်စားလှယ်အဖွဲ့က သမ္မတလောင်းတဦး ရွေးရမယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်ထားသွင်းတဲ့ တပ်မတော်အစု အဖွဲ့ကနေ သမ္မတလောင်းတစ်ယောက် စာရင်းပေးရမယ်။ အဲဒီသမ္မတလောင်း သုံးဦးကို လွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်က မဲဆန္ဒပြု ရွေးလိုက်တဲ့အခါ မဲအများဆုံးရတဲ့သူက သမ္မတဖြစ်ပြီး ကျန်သူနှစ်ယောက်က ဒုတိယသမ္မတ နှစ်ယောက် ဖြစ်လာမှာပါဗျာ။ ဒီတော့ သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ဝန်ကြီးချုပ်တွေ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ ဖွဲ့ပြီး သမ္မတနိုင်ငံတော် ပုံစံ သွားမှာ ဖြစ်ပါတယ်။